ဘေဂျင်းအိုလံပစ်ကို သပိတ်မှောက်ဖို့စဉ်းစားနေတယ်လို့ အမေရိကန်သမ္မတပြော

၁၉၊ နိုဝင်ဘာလ၊ ၂၀၂၁။

တရုတ်နိုင်ငံမှာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလထဲမှာ ကျင်းပမယ့် အိုလံပစ် အားကစားပွဲကို အမေရိကန်က သံတမန်ရေးအရ သပိတ်မှောက်ဖို့ စဉ်းစားနေတယ်လို့ သမ္မတ ဂျိူးဘိုင်ဒန်က ပြောလိုက်ပါတယ်။  

အမေရိကန်၊ ကနေဒါ၊ မက္ကစီကို ၃ နိုင်ငံ ထိပ်သီးအစည်းအဝေးပွဲ တစိတ်တပိုင်းအဖြစ် ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင် ထရူဒူးနဲ့ အိမ်ဖြူတော်မှာ နိုဝင်ဘာ ၁၈ရက်နေ့က တွေ့ဆုံချိန်မှာ သမ္မတဘိုင်ဒင်က အခုလိုပြောလိုက်တာပါ။  ပြောဆိုလိုက်တာပါ။

သမ္မတ ဘိုင်ဒင်ဟာ နိုဝင်ဘာ ၁၅ရက်နေ့က တရုတ်သမ္မတ ရှီကျင်းဖင်နဲ့ အွန်လိုင်း ထိပ်သီးတွေ့ဆုံရာမှာတော့ ဒေသတွင်း တည်ငြိမ်ရေး၊ ပဋိပက္ခတွေကို ရှောင်ရှားရေး ၂ နိုင်ငံ ခေါင်းဆောင်တွေ လိုလားကြတဲ့အကြောင်း ပြောဆိုထားတာ ဖြစ်ပါတယ်။ 

ဒါပေမဲ့ တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် ထိထိရောက်ရောက် တုံ့ပြန်ဖို့ သမ္မတဘိုင်ဒင်ကို ဖိအားတွေနဲ့လည်း ရင်ဆိုင်နေရတာပါ။

အမေရိကန် အစိုးရဟာ တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အိုလံပစ်အားကစားပွဲကို သံတမန်ရေးအရ သပိတ်မှောက်မယ့် အစီအစဉ်ကို မကြာခင်မှာ ကြေညာဖို့ ရှိနေတယ်လို့ Washington Post သတင်းဌာနက နိုဝင်ဘာ ၁၆ရက်နေ့က ဖော်ပြခဲ့ပါတယ်။

သံတမန်ရေးနည်းနဲ့ သပိတ်မှောက်မယ့် အစီအစဉ်အရ အားကစားသမားတွေ ပြိုင်ပွဲဝင်ခွင့်ရမှာ ဖြစ်ပေမဲ့ အစိုးရတာဝန်ရှိသူတွေကတော့ တက်ရောက်မှာ မဟုတ်ပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်လို့ တရုတ်သမ္မတနဲ့ အွန်လိုင်း ထိပ်သီးတွေ့ဆုံရာမှာ မဆွေးနွေးခဲ့ဘူးလို့လည်း အိမ်ဖြူတော်က ပြောဆိုထားပါတယ်။