၁၈၊ နိုဝင်ဘာလ၊ ၂၀၂၁။
အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းပြီးနောက် နိုင်ငံရေးအရ ဖမ်းဆီးထားသူတွေကို တရားစွဲဆိုရာမှာ ဆူပူအောင်လှုံ့ဆော်မှုပုဒ်မ ၅၀၅(က)ကို အများဆုံးသုံးနေတယ်လို့ Institute for Strategy and Policy-Myanmar က ဖော်ပြပါတယ်။
ဖမ်းဆီး ခံထားရသူ အများစုဟာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ သာမန် ပြည်သူတွေနဲ့ ကျောင်းသားတွေ ဖြစ်ကြပြီးCDM မှာ ပါဝင်တဲ့ ဝန်ထမ်းတွေနဲ့ CDM ကို ထောက်ခံအားပေးသူတွေ၊ အနုပညာရှင်တွေနဲ့ သတင်းသမားတွေ သာမက ဆရာဝန်၊ သူနာပြုနဲ့ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကိုလည်း ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ဆိုပါတယ်။
အာဏာသိမ်းပြီး နောက်ပိုင်း အကျဉ်းထောင် အသီးသီးမှာ ချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားနဲ့ အခြား အကျဉ်းသားတွေကို ဖေဖော်ဝါရီ ၁၂ ရက်၊ ဧပြီ ၁၇ ရက်၊ ဇွန် ၃၀ ရက်နဲ့ အောက်တိုဘာ ၁၈ ရက်တို့ မှာ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့ပါတယ်။
ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေအနက် ပုဒ်မအသစ်ထပ်တပ်ပြီး ပြန်အဖမ်းခံရသူ ၁၀၀ထက်မနည်း ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ဆိုပါတယ်။
စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုကြောင့် ဖေဖော်ဝါရီ ၁ ရက်ကနေ နိုဝင်ဘာ ၁၃ ရက်နေ့အထိ နိုင်ငံတစ်ဝန်း ဖမ်းဆီးခံရသူ စုစုပေါင်း ၁၀,၁၄၃ ဦးရှိပါတယ်။
AAPPရဲ့ မှတ်တမ်းပြုချက်တွေအရ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ နိုဝင်ဘာလ ၁၇ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ (၇၃၄၄) ဦးရှိပြီးအဲဒီထဲက (၂၉၆) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။ ပြစ်ဒဏ်ကျခံရသူထဲက အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရပါတယ်။