၁၈၊ နိုဝင်ဘာလ၊ ၂၀၂၁။
အနောက်အာဖရိက ကုန်းတွင်းပိတ်နိုင်ငံဖြစ်တဲ့ ဘူကီနာဖာဆိုက လုံခြုံရေးစခန်းတစ်ခု တိုက်ခိုက်ခံရမှုဖြစ်ရပ်မှာ တပ်ဖွဲ့ဝင် ၄၉ ဦးနဲ့ အရပ်သား ၄ ဦး သေဆုံးသွားခဲ့ရတယ်လို့ Aljazeera သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
တိုက်ခိုက်ခံရမှုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘူကီနာဖာဆိုမြောက်ပိုင်း အင်နာတာ ရွှေတွင်းတစ်ခုအနီးအနားမှာ တိုက်ခိုက်ခံခဲ့ရတာပါ။
သေဆုံးသူ စာရင်းကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့က ဘူကီနာဖာဆိုအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ အူဆန်နီ တန်ဘောရာက ထုတ်ပြန်အသိပေးခဲ့တာပဲဖြစ်ပါတယ်။
ဒေသခံ သတင်းအရင်းအမြစ်တွေရဲ့ ပြောကြားချက်အရ တိုက်ခိုက်ခံခဲ့ရတဲ့ လုံခြုံရေးစခန်းမှာ အင်အား ၁၅၀ လောက် လုံခြုံရေး ခြေကုပ်ရယူနေခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။
အစောပိုင်းအစိုးရရဲ့ ထုတ်ပြန်ချက်အရ ဒီတိုက်ခိုက်ခံရမှုမှာ တပ်ဖွဲ့ဝင် ၁၉ ဦးနဲ့ အရပ်သား တစ်ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြခဲ့ပေမယ့် အခုအခါမှာ သေဆုံးသူဦးရေဟာ တိုးလာခဲ့တာပဲဖြစ်ပါတယ်။
Aljazeera သတင်းဌာနကတော့ လက်ရှိဖော်ပြထားတဲ့ လူဦးရေထက် သေဆုံးမှု ပိုမိုတိုးလာဖို့ ရှိနေတယ်လို့ ရေးသားဖော်ပြပါတယ်။ အခုလို တိုက်ခိုက်မှုတွေဟာ ဘူကီနာဖာဆိုနိုင်ငံမှာ မကြာခဏ ဖြစ်ပွားလေ့ရှိနေတာပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့ကလည်း အယ်လ်ကေဒါးနဲ့ အိုင်အက်စ် စတဲ့အကြမ်းဖက်တပ်ဖွဲ့တွေကို နှိမ်ရေးရာမှာ အားပျော့လွန်းတဲ့ သမ္မတ ရော့ကာဘိုးကို ရာထူးက နုတ်ထွက်ဖို့ ပြည်သူရာနဲ့ချီက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဘူကီနာဖာဆို သမ္မတ ရော့ဘာဘိုးကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့မှာ မိန့်ခွန်းပြောဆိုခဲ့ပြီး တိုက်ခိုက်မှုဖြစ်ရပ်အတွက် ပြည်သူတွေ ဘယ်လောက်အထိ စိတ်ဆိုးဒေါသထွက်နေရမလဲဆိုတာကို နားလည်သဘောပေါက်မိတယ်လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။