ရခိုင်ပြည်နယ်မှာ စစ်အုပ်စုအချင်းချင်း ပစ်ခတ် တပ်ခွဲတပ်ကြပ်ကြီး တစ်ဦးသေ

၁၇၊ နိုဝင်ဘာလ၊ ၂၀၂၁။

ရခိုင်ပြည်နယ် ၊ ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ ၅၅၀တပ်ရင်းအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုအချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တပ်ခွဲတပ်ကြပ်ကြီး တစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

နိုဝင်ဘာလ ၁၅ရက်နေ့ ည ၉နာရီ ၄၅မိနစ်ခန့်မှာ ခမရ ၅၅၀တပ်ရင်းအတွင်း တပ်သား ဇော်ရာဇာမင်းဆိုသူက တပ်ခွဲတပ်ကြပ်ကြီး ဘစောချေကို သေနတ်နဲ့ ၅ချက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ခရီးတစ်ခုမှ ပြန်လာစဉ် တပ်တွင်း တန်းစီခိုင်းစဉ်မှာ စကားများရန်ဖြစ်ပြီးနောက် ညပိုင်းမှာ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“တပ်သားတွေကခရီးတစ်ခုက ပြန်လာကြတယ်။ အားလုံးတန်းစီတဲ့အခါ မကေျနပ်လို့ ပစ်တာလို့သိရတယ်။ ပစ်သတ်ခဲ့တဲ့သူက ခန္ဓာကိုယ်ကို စောင်းပြီးတော့ တန်းစီတယ်။ အဲ့ဒီမှာတပ်ခွဲတပ်ကြပ်ကြီးနဲ့ စကားများကြတယ်။ စကားများပြီးတော့ တောင်ထိပ်မှာ လုံခြုံရေးယူနေရင်း ခေါက်ဆွဲပြုတ်နေတဲ့အခါ လာပစ်တာ။ ဒဏ်ရာ ၅ ချက်နဲ့ ဆုံးသွားတယ်”လို့ တပ်တွင်းမိသားစုဝင်တစ်ဦးက Western News မှာဖြေကြားထားပါတယ်။

သေဆုံးသူ တပ်ခွဲတပ်ကြပ်ကြီး ဘစောချေမှာ ဘယ်ဘက်ဒူး ကျည်ဆံထိမှန်ဒဏ်ရာတစ်ချက်၊ လည်ပင်းကျည်ဆံထိမှန် ဒဏ်ရာ ၂ချက်၊ ဘယ်ဘက်ရင်အုံ ကျည်ဆံထိမှန် ဒဏ်ရာ ၁ချက်နဲ့ ညာဘက်ဝမ်းဗိုက် ကျည်ဆံထိမှန် ဒဏ်ရာတစ်ချက်နဲ့ သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။