မီးဖွားခါစမိခင်ကို အကြမ်းဖက်စစ်သားတွေ အဓမ္မကျင့်မှု လက်တုန့်ပြန်သွားမယ်လို့ ဇိုမီးဖက်ဒရယ်အစည်းအရုံးထုတ်ပြန်

၁၆၊ နိုဝင်ဘာလ၊ ၂၀၂၁။

ချင်းပြည်နယ်၊တီးတိန်မြို့နယ်အတွင်း မီးဖွားခါစမိခင်ကို အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက အဓမ္မပြုကျင့်မှုနဲ့ပတ်သက်ပြီး နစ်နာသူအားလုံးအတွက် လက်တုန့်ပြန်သွားမယ်လို့ ဇိုမီးဖက်ဒရယ်အစည်းအရုံး(Zomi Federal Union)က ဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။

နိုဝင်ဘာ၁၁ရက်နေ့က ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ အပ်လွယ်ကျေးရွာနေ မီးဖွားကာစ မိခင်တစ်ဦးကို အကြမ်းဖက်တပ်သား (၃) ဦးက မိသားစု ရှေ့မှောက်မှာ အဓမ္မပြုကျင့်ခဲ့တဲ့အပြင် ခင်ပွန်းသည်ကို ညှင်းပန်းနှိပ်စက်ပြီး အဖိုးတန် လက်ဝတ်တန်ဆာတွေကိုလည်း လုယူသွားခဲ့တယ်လို့ ဇိုမီးဖက်ဒရယ်အစည်းအရုံး ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ အဲဒီလိုလူမဆန်တဲ့ ရိုင်းစိုင်းယုတ်မာရက်စက်မှုတွေကို ဖုံးဖိဖို့ ကြိုးစားတဲ့အပြင် ဒီကိစ္စကို ထုတ်ဖော်ပြောဆိုတဲ့ ကာယကံရှင်မိသားစုနဲ့ အခြား ပုဂ္ဂိုလ် တွေကို အသက်အန္တရာယ်ခြိမ်းခြောက်ခဲ့ကြောင်း အခုလို အနိုင်ကျင့်စော်ကားခြင်းဟာ ဇိုမီးလူမျိုး၊ ချင်းတစ်မျိုးသားလုံးနဲ့ မြန်မာပြည်သူလူထု တရပ်လုံးကို အနိုင်ကျင့် စော်ကားခြင်းဖြစ်ကြောင်းလည်း ဆိုပါတယ်။

အဲဒီလိုလုပ်ရပ်ဟာ အကြမ်းဖက်စစ်တပ်က နှစ်များစွာကြာကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်မှာ နစ်နာသူကာယကံရှင်မိသားစုဟာဇိုမီး ဖက်ဒရယ် အစည်းအရုံးရဲ့ စောင့်ရှောက်မှုအောက် လုံခြုံစွာရောက်ရှိနေပြီး လိုအပ်တဲ့ကုသမှုနဲ့ပံ့ပိုးမှုပေးနေတယ်လို့ဆိုပါတယ်။