ဖမ်းဆီးထားတဲ့ Aljazeera သတင်းထောက်ကို ဆူဒန်စစ်တပ်ပြန်လွှတ်

၁၆၊ နိုဝင်ဘာလ၊ ၂၀၂၁။

ဆူဒန်စစ်တပ်က ဖမ်းဆီးထားတဲ့ Aljazeerra သတင်းထောက်ကို ဒီကနေ့ နိုဝင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့မှာပဲ ပြန်လည် လွှတ်ပေးလိုက်တယ်လို့ သူ့ရဲ့ မိခင်သတင်းဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့က ဆူဒန်ဆိုင်ရာဗျူရို အကြီးအကဲ အယ် မူဆယ်မီ ခတ်ဘာရှီကို ဆူဒန်စစ်တပ်က ဖမ်းဆီးလိုက်တယ်လို့ ကာတာအခြေစိုက် Aljazeera သတင်းဌာနချုပ်က သတင်းထုတ်ပြန်ခဲ့တာပါ။

ဆူဒန်နိုင်ငံ ခါသွန်းမြို့က Aljazeera သတင်းဌာနရဲ့ ဆူဒန်ဆိုင်ရာ ဗျူရိုအကြီးအကဲ နေအိမ်ကို ဝင်ရောက်စီးနင်းဖမ်းဆီးပြီးနောက် ဆူဒန်စစ်တပ်က နှစ်ရက်အကြာမှာ ပြန်လည် လွှတ်ပေးခဲ့တာပဲဖြစ်ပါတယ်။

ဆူဒန်ဆိုင်ရာ ဗျူရိုအကြီးအကဲကို စစ်တပ်က ညသန်းခေါင်းယံမှာ ဘာကြောင့် ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့သလဲဆိုတာကိုတော့ လက်ရှိအချိန်ထိ ဆူဒန်စစ်တပ်က ထုတ်ပြန်အသိပေးတာတွေ မရှိသေးပါဘူး။

ဆူဒန်စစ်တပ်ရဲ့ အခုလို သတင်းထောက်တွေကို ဖမ်းဆီး၊ ဖိနှပ်တဲ့ လုပ်ရပ်ဟာ ပထမဦးဆုံးမဟုတ်ခဲ့ဘဲ ၂၀၁၉ ခုနှစ် ကာလတုန်းကလည်း ခါသွန်းမြို့မှာရှိတဲ့ Aljazeera ရုံးကို ပိတ်သိမ်းခဲ့ပြီး သတင်းထောက်တွေကိုလည်း သတင်းလိုက်ခွင့် ပိတ်ပင်ပစ်ခဲ့တာပါ။

ဆူဒန်နိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပြည်သူတွေကို ဖြိုခွင်းရာကနေ လက်ရှိမှာ လူပေါင်း ၂၃ ဦးအထိ သေဆုံးမှု ရှိလာခဲ့တာပါ။ ဒါပေမဲ့ ဆူဒန်စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပြည်သူတွေကတော့ လက်မလျှော့သွားဘဲ ထောင်နဲ့ချီပြီး ဆက်လက် ဆန္ဒပြနေဆဲဖြစ်ပါတယ်။