NLD ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ နိပွန်ဖောင်ဒေးရှင်းဥက္ကဌ ချိတ်ဆက်လာတာမျိုးမရှိဘူးလို့ဆို

၁၆၊ နိုဝင်ဘာလ၊၂၀၂၁။

နိပွန်ဖောင်ဒေးရှင်ဥက္ကဌ မစ္စတာဆာဆာကာဝါ အနေနဲ့ NLDခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ချိတ်ဆက် လာတာမျိုး မရှိသေးဘူးလို့ NLD ဗဟိုအလုပ်ကော်မတီအဖွဲ့ဝင် ဦးကျော်ထွေးကပြောပါတယ်။

နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါ က NLD ပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်လို့ နိုဝင်ဘာ ၁၅ ရက်နေ့၊ ရခိုင်ခရီးစဉ်အတွင်း ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

‘NLDကခေါင်းဆောင်တွေနဲ့တွေ့မယ်ပြောတာ ကြားရပါတယ်။အခုထိတော့ ဘယ်သူတွေနဲ့တွေ့မယ်လို့ ဆက်သွယ်တယ်လို့တော့ မသိရသေးပါဘူး’လို့ ဗဟိုအလုပ်ကော်မတီအဖွဲ့ဝင် ဦးကျော်ထွေးကပြောပါတယ်။

မစ္စတာ ဆာဆာကာဝါ ဟာဂျပန်နိုင်ငံရဲ့ မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် လို့ဆိုပေမဲ့ အခု မြန်မာခရီးစဉ်ဟာ ဂျပန်အစိုးရရဲ့ တရားဝင်အစီအစဉ် မဟုတ်ဘူးလို့ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဟာယာရှိက ပြောကြောင်း ရိုက်တာ သတင်းကဖော်ပြပါတယ်။

မစ္စတာဆာဆာကာဝါဟာ နိုဝင်ဘာလ ၁၃ ရက်နေ့က အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။