NLDပါတီဝင်၄၀၀ကျော် ဖမ်းဆီးခံထားရ၊၈ဦးကျဆုံး

၁၆၊ နိုဝင်ဘာလ၊ ၂၀၂၁။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၄၀၀ကျော် အဖမ်းခံထားရပြီး ၈ဦးကျဆုံးခဲ့တယ်လို့ NLD ဗဟိုအလုပ်ကော် မတီအဖွဲ့ဝင် ဦးကျော်ထွေးကပြောပါတယ်။

NLD ဥက္ကဌ၊နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ပါတီဒုဥက္ကဌတွေဖြစ်တဲ့ သမ္မတကြီးဦးဝင်းမြင့်၊မ န္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် အပါအဝင်ပါတီဝင် ၄၁၈ဦး ကို အကြမ်းဖက်စစ်အုပ်စုက မတရား ဖမ်းဆီးထားတယ်လို့ D-Wave ကဖော်ပြပါတယ်။

ဖမ်းဆီးခံ ၄၁၈ဦးထဲမှာ ရွေးကောက်ခံNLDလွှတ်တော်အမတ် ၈၉ဦး ပါဝင်တယ်လို့ သိရပါတယ်။

ကျဆုံးသွားတဲ့ NLD ပါတီဝင် ၈ဦးအနက် ၅ဦးမှာ စစ်ကြောရေးစခန်းမှာ ကျဆုံးခြင်းဖြစ်ပြီး ကျန်၃ဦးမှာ ထောင်ထဲ ကျဆုံးခဲ့တယ်လို့သိရပါတယ်။

ပါတီရုံးဖျက်ဆီးခံရမှုမှာ ဗဟိုရုံးချုပ်အပါအဝင် စုစုပေါင်း၅၈ကြိမ်ရှိပြီဖြစ်ပြီး ပါတီရုံးတွေကျူးကျော်ဖျက်ဆီးခံရတဲ့ အချိန်အများစုဟာပုဒ်မ၁၄၄ထုတ်ပြန်ထားလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေသာ သွားလာခွင့်ရှိတဲ့အချိန်တွေမှာသာ ဖြစ် ပွားခဲ့တယ်လို့သိရပါတယ်။

‘ကျွန်တော်တို့မွန်ပြည်နယ်မှာဆို ကျိုက်ထို၊ဘီးလင်း၊သထုံ၊ရေး၊နဲ့ချောင်းဆုံNLDရုံးတွေဖောက်ခွဲခံရတာ ညမထွက် ရအမိန့်ထုတ်ထားတဲ့အချိန်တွေမှာပါ’ မွန်ပြည်နယ်NLD ပါတီဝင်တစ်ဦးကပြောပါတယ်။

ကျိုက်ထို၊ဘီးလင်းနဲ့သထုံNLDရုံးတို့ဟာ အောက်တိုဘာ၂၃ရက်နေ့ည၁၁နာရီကျော်မှာ ဖောက်ခွဲခံခဲ့ရပြီး သထုံနဲ့ဘီးလင်းရုံးတို့မှာ အင်အားပြင်းပေါက်ကွဲခဲ့ပါတယ်။နိုဝင်ဘာ၁၂ရက်နေ့ညနက်ပိုင်းမှာ ရေးမြို့နယ်NLD ရုံး ပေါက်ကွဲခဲ့ပြီး နိုဝင်ဘာ၁၃ရက်နေ့မနက်၁၂နာရီကျော်မှာ ချောင်းဆုံNLD ရုံး တစ်စစီဖြစ်သွားတဲ့အထိ အင်အားပြင်း ပေါက်ကွဲခဲ့ပါတယ်။

‘ည၁၂နာရီကျော်ဆိုတာ ကျွန်တော်တို့ချောင်းဆုံမှာ ရိုးရိုးခွေးတွေနဲ့ စစ်ခွေး၊ရဲခွေးတွေသာ အပြင်ထွက်တဲ့အချိန်ပါ’လို့ ချောင်းဆုံအနောက်ပိုင်းရပ်ကွက်သားတစ်ဦးကပြောပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာအရ လွှတ်တော်အမတ်တွေနဲ့ပါတီဝင်တွေရဲ့ နေအိမ်စုစုပေါင်း၄၀ ချိတ်ပိတ်ခံထားရ ကြောင်း ဦးကျော်ထွေးကပြောပါတယ်။