စစ်ကိုင်းတိုင်းအတွင်း ကျဆုံးသူရဲကောင်းနဲ့ဖမ်းဆီးခံစာရင်း ကောက်ယူနေ

၁၅၊ နိုဝင်ဘာလ၊ ၂၀၂၁။

စစ်ကိုင်းတိုင်းအတွင်း ကျဆုံးသွားတဲ့ နွေဦးတော်လှန်ရေး သူရဲကောင်း တွေနဲ့ မတရား ဖမ်းဆီးခံထား ရသူတွေ စာရင်းကို ဒေသတွင်းကျောင်းသားသမဂ္ဂတွေက ကောက်ယူနေတယ်လို့သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ မတရားဖမ်းဆီးခံရသူတွေနဲ့ ကျဆုံးသွားသူတွေရဲ့ အချက်အလက်ကို ထုတ်ပြန်လေ့မရှိသလို ပြန်လွှတ်ပေးတဲ့အခါမှာလည်း တရားဝင်ထုတ်ပြန်လေ့မရှိတာကြောင့် အများပြည်သူသိရှိစေဖို့ ကောက်ယူတာဖြစ်တယ်လို့ စာရင်းကောက်ယူနေတဲ့ ကျောင်းသားတစ်ဦး ကပြောပါတယ်။

‘နိုဝင်ဘာ၁၄ရက်နေ့ကစကောက်တယ်။နောက်ဆုံးကောက်ယူမယ့် နေ့ကတော့ စစ်အာဏာရှင်ရဲ့ မတရားအကြမ်းဖက် သတ်ဖြတ်မှုတွေနဲ့ ဖမ်းဆီးခံရသူတွေ ရှိနေတဲ့ကာလပတ်လုံးပါ’လို့ သူကပြောပါတယ်။

စစ်အုပ်စုက အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးရာမှာ ပစ်ခတ်ခံရလို့သေဆုံးမှုတွေ၊စစ်ကြောရေး မှာ ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးမှုတွေလည်း ဒီနေ့ထိတိုင်ရှိနေဆဲဖြစ်ပြီး လူမသိ သူမသိ ကျဆုံးသွားတဲ့ ဖြစ်စဉ်တွေလည်း အများကြီးရှိနေနိုင်တယ်လို့ သိရပါတယ်။

ရရှိလာတဲ့ အချက်အလက်တွေကို သတင်းထုတ်ပြန်တာအပြင် နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း(AAPP) နဲ့ နိုင်ငံတကာသံရုံးတွေဆီ ပေးပို့သွားမယ်လို့သိရပါတယ်။

စာရင်းကောက်ယူမှုကို ရွေဘိုအခြေစိုက်ကျောင်းသားသမဂ္ဂ ၃ဖွဲ့၊ စစ်ကိုင်း အခြေစိုက်ကျောင်းသားသမဂ္ဂ ၅ဖွဲ့ ၊ ကလေးအခြေစိုက် ကျောင်းသားသမဂ္ဂ၄ဖွဲ့နဲ့ မုံရွာအခြေစိုက် ကျောင်းသားသမဂ္ဂ၅ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်သွားပါမယ်။

စစ်ကိုင်းတိုင်း အတွင်းရှိ ပြည်သူတွေအနေနဲ့ အနီးပတ်ဝန်းကျင်ရှိ မတရားဖမ်းဆီးခံ၊ သတ်ဖြတ်ခံရသူ စာရင်းတွေကို ပေးပို့ကြဖို့ ကျောင်းသားသမဂ္ဂတွေက မေတ္တာရပ်ခံထားပါတယ်။

ပုံအဟောင်းကိုအသုံးပြုထားပါတယ်။