ကျောင်းဆင်းချိန် မုန့်ထွက်ဝယ်တဲ့ ၆တန်းကျောင်းသားတစ်ဦးကို စစ်အုပ်စုက အကြောင်းမဲ့ပစ်ခတ်

၁၄၊ နိုဝင်ဘာလ၊ ၂၀၂၁။

နတ်တလင်းမြို့နယ် တောင်ညိုမြို့သစ်မှာ ကျောင်းဆင်းချိန် မုန့်ထွက်ဝယ်တဲ့ ၆တန်းကျောင်းသားတစ်ဦးကို စစ်အုပ်စုက အကြောင်းမဲ့ ပစ်ခတ်ခဲ့တာကြောင့် ရင်ဘက်ကျည်မှန်သွားခဲ့ပြီး အရေးပေါ်ဆေးရုံတင်ပို့ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က နိုဝင်ဘာလ ၁၃ရက်နေ့ ညနေ ၄နာရီခန့်မှာ အောင်ဇေယျာ အထကကျောင်းမှာ စာသင်ကြားနေတဲ့ မောင်ပိုပို အသက် (၁၃)နှစ်ဟာ ကျောင်းဆင်းချိန်မှာ မုန့်ဝယ်ဖို့အတွက် ဆိုင်ကယ်တစ်စီးနဲ့ တောင်ညိုရဲစခန်းရှေ့ကနေ ဖြတ်သွားစဉ်မှာ စစ်အုပ်စုက အကြောင်းမဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ကလေးက တောင်ညိုမြို့သစ်ကပဲ အောင်ဇေယျာ ၇လမ်းထဲမှာနေတဲ့ ကလေး၊ မုန့်သွားဝယ်တာကို ရဲစခန်းရှေ့က ဖြတ်လဲဖြတ်ရော အထဲကနေ သေနတ်နဲ့ ၂ချက်လှမ်းပစ်တာ၊ အသက်အန္တရာယ်စိုးရိမ်ရတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပက်သက်ပြီးတော့ တောင်ညိုနယ်မြေရဲစခန်းက ဘာတစ်ခုမှ တာဝန်ယူဆောင်ရွက်ပေးတာ မရှိဘူးလို့ သိရပါတယ်။