ဘာစီလိုနာနည်းပြသစ် ဇာဗီက အယ်ကန်တရာကို အလိုရှိနေ

၁၄၊ နိုဝင်ဘာ၊ ၂၀၂၁။

ဘာစီလိုနာအသင်းရဲ့ နည်းပြသစ် ဇာဗီဟာ အသင်းပြုပြင်ပြောင်းလဲရေး အစီအစဉ်မှာ ကစားဖော်ဟောင်း ဖြစ်ခဲ့ဖူးတဲ့ လက်ရှိ လီဗာပူးလ်ကွင်းလယ်လူ အယ်ကန်တရာကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ Daily Mail သတင်းဌာနက ဖော်ပြပါတယ်။ 

အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ သီယာဂိုအယ်ကန်တရာဟာ ၂၀၁၃ ခုနှစ်မှာ ဘာစီလိုနာအသင်းကနေ ဂျာမနီကလပ် ဘိုင်ယန်မြူးနစ်အသင်းဆီကို ပြောင်းရွှေ့သွားခဲ့သူဖြစ်ပြီး လက်ရှိဘာစီလိုနာ နည်းပြ ဇာဗီနဲ့အတူ ဘာစီလိုနာအသင်းမှာ တွဲကစားခဲ့ဖူးသူဖြစ်ပါတယ်။

DailyMail သတင်းဌာနကတော့ နည်းပြဇာဗီအနေနဲ့ အယ်ကန်တရာအတွက် အသင်းဥက္ကဋ္ဌဖြစ်သူ လာပေါ်တာနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ထားပြီးပြီဖြစ်တယ်လို့ ရေးသားဖော်ပြပါတယ်။ 

နည်းပြဇာဗီဟာ ဘာစီလိုနာရဲ့ ကွင်းလယ်ကို အသင်းဖော်ဟောင်း အယ်ကန်တရာနဲ့ ပြန်လည် ဖွဲ့စည်းချင်နေပေမယ့် အပြောင်းအရွှေ့ အမှန်တကယ် ဖြစ်လာဖို့တော့ အလွန်နည်းပါးနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

လီဗာပူးလ်ကွင်းလယ်လူ အယ်ကန်တရာဟာ ခြေသလုံးကြွက်သား ဒဏ်ရာတွေနဲ့ လုံးပန်းနေခဲ့ရတာကြောင့် ဒီရာသီ ပရီးမီးယားလိဂ်မှာ လီဗာပူးလ်အသင်းအတွက် မိနစ် ၉၀ သာ ကစားခဲ့ရပါသေးတယ်။ 

ကွင်းလယ်လူ အယ်ကန်တရာဟာ ဘာစီလိုနာအသင်းအတွက် လာလီဂါအမှတ်ပေးလေးကြိမ်၊ ချန်ပီယံလိဂ်တစ်ကြိမ်အပြင် အခြားဆုဖလားတွေကိုလည်း ရယူပေးခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ 

ဘိုင်ယန်မြူးနစ်အသင်းဆီမှာ ကစားခဲ့စဉ်ကလည်း ဒီကွင်းလယ်လူဟာ ဘွန်ဒက်စ်လီဂါအမှတ်ပေး ၇ ကြိမ်နဲ့ ချန်ပီယံလိဂ်တစ်ကြိမ် ရရှိခဲ့ပြန်ပါတယ်။