၁၄၊ နိုဝင်ဘာ၊ ၂၀၂၁။
မန်ယူနည်းပြ ဆိုးလ်ရှားအနေနဲ့ ဆန်ချိုကို မူလနေရာမှာ မကစားစေဘဲ နေရာပြောင်းလဲ ကစားစေဖို့ စီစဉ်နေတာကိုက သူ့ကိုယ်သူ အထုတ်ခံရဖို့ ကြိုးပမ်းနေတာနဲ့ တူတယ်လို့ မန်စီးတီးနောက်ခံလူဟောင်း ဒန်နီမေးလ်က ပြောကြားလိုက်ပါတယ်။
ဆန်ချိုဟာ လက်ရှိဘောလုံးရာသီအတွင်း မန်ယူအတွက် ပွဲစဉ်ပေါင်း ၁၃ ပွဲ ပါဝင်ကစားခွင့်ရခဲ့ရာမှာ ဂိုးလည်း မသွင်းနိုင်သလို ဂိုးဖန်တီးမှုလည်း မလုပ်နိုင်ဘဲ ရှိနေတာကြောင့် ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။
နည်းပြ ဆိုးလ်ရှားဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက အသင်းအတွက် ဆန်ချိုကို ခေါ်ယူပေးဖို့ အသည်းအသန် တောင်းဆိုခဲ့ပြီး အမှန်တကယ် ခေါ်ယူပေးလိုက်ချိန်မှာ အသင်းနဲ့ အံဝင်အောင် အထိုင်ချနိုင်ခြင်း မရှိတဲ့အတွက် ဝေဖန်မှုတွေကို ရင်ဆိုင်နေရပါတယ်။
သတင်းရင်းမြစ်တချို့ကတော့ ဆန်ချိုဟာ မန်ယူကို စီရော်နယ်ဒို ပြောင်းရွှေ့ရောက်ရှိလာပြီးတဲ့နောက် ဖိအားတွေ ဝင်နေခဲ့တာလို့ ဆိုပါတယ်။
နည်းပြ ဆိုးလ်ရှားဟာ ဆန်ချိုကို ခံစစ်အစွန်နေရာမှာ ပြောင်းလဲကစားခိုင်းဖို့ စီစဉ်နေလို့ ဒီလို ကစားခိုင်းတာဟာ ဆန်ချိုကို လမ်းကြောင်းမှန်ထက်ဆီ ပြန်ရောက်မလာစေဘဲ ပိုပြီး ဆိုးသွားစေဖို့သာရှိကြောင်း ဒန်နီမေးလ်က မှတ်ချက်ပေးထားပါတယ်။
“ခံစစ်အစွန်ကို နေရာပြောင်းပြီး ကစားရတာက ဆန်ချိုအတွက် ကံကောင်းပါစေလို့ပဲ ဆုတောင်းပေးရဖို့ ရှိနေပါတယ်။ ဒေါ့မွန်မှာတုန်းကတည်း ခံစစ်အစွန်လို နေရာမှာ သူတစ်ခါမှ မကစားခဲ့ရပါဘူး”လို့ ဒန်နီမေးလ်က ပြောခဲ့ပါတယ်။
ဒါ့အပြင် “ဂိုးသွင်းနိုင်ပြီး ဂိုးဖန်တီးမှုတွေ လုပ်ပေးနိုင်တဲ့ ကစားသမားကိုဝယ်ပြီးမှ ခံစစ်ကို ဆင်းကစားခိုင်းမယ်တဲ့လား။ ဆိုးလ်ရှားက သူ့ကိုယ်သူ အလုပ်ထုတ်ခံရဖို့ လုပ်နေသလိုပဲ”လို့ သူက ဆက်ပြီး ဝေဖန်ခဲ့တာပါ။