၁၃၊ နိုဝင်ဘာ၊ ၂၀၂၁။
ဇာဗီဟာ ဘာစီလိုနာအသင်းကို ရောက်ရှိလာပြီး နည်းပြတာဝန်ကိုလက်ခံပြီးနောက်မှာ ဘာစီလိုနာအသင်းရဲ့ ပြုပြင်ပြောင်းလဲရေးတွေအတွက် အလုံးစုံ တာဝန်ယူရပါတော့တယ်။
လက်ရှိကျပ်တည်းနေတဲ့ အသင်းဘဏ္ဍာရေးနဲ့ ရလဒ်ပိုင်း ရုန်းကန်နေရမှုတွေဟာ နည်းပြတစ်ယောက်အနေနဲ့ ရောက်လာတဲ့ ဇာဗီအတွက် စိန်ခေါ်မှုလို ဖြစ်စေခဲ့တာပါ။
ဒါ့အပြင် နာမည်ကြီးကစားသမားတွေနဲ့ အရင်က တစ်သင်းတည်းကစားခဲ့ဖူးတဲ့ ကစားသမားတွေကို ထိန်းချုပ်ဖို့အတွက်လည်း အရေးပါခဲ့ပြန်ပါတယ်။
ဒါကြောင့် ဇာဗီဟာ သူ့လက်ထက်မှာ အသင်းရဲ့ ကစားသမားတွေကို စည်းကမ်းချက် ၁၀ ခု ထုတ်ပြန်ပြီး မဖြစ်မနေလိုက်နာဖို့ စည်းကမ်းထုတ်ခဲ့ပါတယ်။
ဇာဗီရဲ့ စည်းကမ်းချက် ၁၀ ချက်ထဲက လေ့ကျင့်ရေးကွင်းကို နောက်မကျရဆိုတဲ့ စည်းကမ်းချက်ကို ချိုးဖောက်ခဲ့သူဟာ အသက် ၂၄ အရွယ်ရှိတဲ့ တိုက်စစ်မှူး ဒမ်ဘီလီပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ ဒမ်ဘီလီဟာ လေ့ကျင့်ရေးကို ၃ မိနစ်နောက်ကျပြီး ရောက်ရှိလာခဲ့ပါတယ်။
ဒါဟာ နည်းပြဇာဗီရောက်ရောက်လာချင်း ကစားသမားတွေထဲက စည်းကမ်းချိုးဖောက်တဲ့ ပထမဆုံး ကစားသမားလည်းဖြစ်ပါတယ်။
လက်ရှိမှာ ဒမ်ဘီလီကို နည်းပြဇာဗီက ဒဏ်ငွေရိုက်ဖို့ ပြုလုပ်ထားပြီး နမူနာအဖြစ် ရှိစေဖို့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
နည်းပြဇာဗီဟာ အသင်းကို ရောက်လာတဲ့အခါမှာ အသင်းတွင်း စည်းလုံးမှု ကဏ္ဍကို အရေးကြီးဆုံးအဖြစ် ထားရှိထားပြီး စားသောက်ရေး အစီအစဉ်တွေမှာပါ အတူတကွ စားသောက်ဖို့ စီစဉ်ထားပြီးဖြစ်ပါတယ်။
အရင်က ကစားသမားတွေစိတ်ကြိုက် နေထိုင်စားသောက်ခွင့်ရှိပေမယ့် နည်းပြဇာဗီရဲ့ လက်ထက်မှာတော့ စည်းကမ်းချက်တွေ ပြန်လည်ပြီး ပြင်ဆင်ခဲ့တာပါ။
ဒမ်ဘီလီအနေနဲ့ အခုတစ်ကြိမ်အပြီး နောက်ထပ် စည်းကမ်းဖောက်ဖျက်ခဲ့မယ်ဆိုရင် မြင့်မားတဲ့ ဒဏ်ငွေတွေနဲ့ စည်းကမ်းတင်းကျပ်မှုတွေ ခံရမှာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။