၁၃၊ နိုဝင်ဘာ၊ ၂၀၂၁။
နော့ဝှစ်ချ်အသင်းဟာ လစ်လပ်နေတဲ့ သူတို့ရဲ့ နည်းပြနေရာအတွက် ချဲလ်ဆီးအသင်း နည်းပြဟောင်း ဖရန့်လမ်းပတ်ကို ချိတ်ဆက်ခဲ့ပေမယ့် ငြင်းဆန်တာခံခဲ့ရပါတယ်။
နည်းပြ ဒန်နီရယ်ဖာကီကို ထုတ်ပယ်လိုက်ပြီးနောက်မှာ နော့ဝှစ်ချ်အသင်းဟာ နည်းပြနေရာအတွက် လိုက်လံ ရှာဖွေခဲ့ပေမယ့် အသင်းရဲ့ လက်ရှိအခြေအနေကြောင့် ကိုင်တွယ်ချင်တဲ့နည်းပြ ရှားပါးနေခဲ့ပါတယ်။
နော့ဝှစ်ချ်ဟာ အခုနှစ်ရာသီမှာ ၁၁ ပွဲကစားထားပြီး နိုင်ပွဲတစ်ပွဲနဲ့ သရေပွဲနှစ်ပွဲသာ ကစားနိုင်ခဲ့တာကြောင့် အမှတ်ပေးဇယားရဲ့ အဆင့် ၂၀ နေရာမှာ ရပ်တည်နေခဲ့တာပါ။
ရာသီကုန်ရင် တန်းဆင်းရမယ့် အရေးဟာ နော့ဝှစ်ချ်အသင်းအတွက် ဖိအားတွေ များပြားခဲ့လို့ ချဲလ်ဆီးအသင်းအတွက် လူငယ်ပျိုးထောင်ရေး အစီအစဉ်မှာ အောင်မြင်မှု ရခဲ့တဲ့ လမ်းပတ်ကို ခေါ်ယူဖို့ အသင်းဘုတ်အဖွဲ့တွေက ကြိုးပမ်းခဲ့ပါတယ်။
ဒါပေမဲ့ နော့ဝှစ်ချ်အသင်းနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက်မှာ အသက် ၄၃ အရွယ် အင်္ဂလန်လူမျိုးနည်းပြဟာ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာကြောင့် ဒုတိယ ဦးစားပေးဖြစ်တဲ့ ဗီလာနည်းပြဟောင်း ဒိန်းစမစ်ဘက်ကို နော့ဝှစ်ချ်အသင်းက ခြေဦးပြန်လှည့်ခဲ့ပါတယ်။
အခုတပတ်မှာ ပရီးမီးယားလိဂ် ပွဲစဉ်တွေဟာ နိုင်ငံတကာပွဲစဉ်တွေကြောင့် ခဏရပ်နားထားပြီး နောက်တပတ်မှာတော့ ပုံမှန်အတိုင်း ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။
ဒါကြောင့် နော့ဝှစ်ချ်အသင်းအနေနဲ့ ဒီကာလအတွင်းမှာပဲ အသင်းရဲ့ နည်းပြသစ်နေရာခန့်အပ်ဖို့ အမြန်ဆုံး ဆောင်ရွက်သွားမှာဖြစ်ပြီး ဗီလာနည်းပြဟောင်း ဒိန်းစမစ်ဘက်ကသာ အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့မယ်ဆိုရင် အဆင်ပြေသွားမှာဖြစ်တယ်လို့ Talk Sports သတင်းဌာနက ဖော်ပြခဲ့တာပါ။