၁၃၊ နိုဝင်ဘာ၊ ၂၀၂၁။
ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် အယ်လ်ဘေးနီးယားနဲ့ ပွဲစဉ်မှာ ဦးဆောင်ဂိုး သွင်းပေးခဲ့တဲ့ အင်္ဂလန်နောက်ခံလူ မက်ဂွိုင်းယားရဲ့ အောင်ပွဲခံပုံဟာ ရှက်စရာကောင်းတယ်လို့ မန်ယူဂန္ထဝင်ရွိုင်ကိန်း ဖွင့်ဟပြောဆိုလိုက်ပါတယ်။
မက်ဂွိုင်းယားဟာ ပွဲကစားချိန် ၉ မိနစ်မှာ အင်္ဂလန်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးပြီးနောက် အောင်ပွဲခံရာမှာ နားနှစ်ဖက်ကို လက်နဲ့ ကာပြီး အောင်ပွဲခံခဲ့ပါတယ်။
ဒါဟာ ပရိသတ်တွေကို ရည်ညွှန်းပြီး ဝေဖန်မှုတွေကို ပြန်ပြီး ချေပခဲ့တာလည်း ဖြစ်ပါတယ်။ မက်ဂွိုင်းယားရဲ့ အောင်ပွဲခံမှုနဲ့ ပတ်သက်ပြီး ရွိုင်ကိန်းက “သူ့နားကိုကာပြီး ဝေဖန်မှုတွေကို ခေါက်ထားတဲ့ သဘောပေါ့။ တကယ့်ကို ရှက်စရာပါ”လို့မန်ယူဂန္ထဝင်က ပြောခဲ့တာပါ။
ဒါ့အပြင် အခုလို အင်္ဂလန်အတွက် ဂိုးတစ်ဂိုးသွင်းခဲ့ပြီး ပြီးခဲ့တဲ့ လအနည်းငယ်က ဝေဖန်မှုတွေအတွက် ပြန်ချေပဖို့ ကြိုးပမ်းတာဟာ တကယ့်ကို မနှစ်မြိုစရာကောင်းတဲ့ လုပ်ရပ်တစ်ခုလို ရွိုင်ကိန်းက သတ်မှတ်ခဲ့တာဖြစ်ပြီး မန်ယူအသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ မလုပ်သင့်တဲ့ လုပ်ရပ်အဖြစ် ဝေဖန်မှုပြုလုပ်ခဲ့တာပါ။
ကမ္ဘာ့ဖလားခြေစစ်ပွဲမှာတော့ အင်္ဂလန်အသင်းဟာ အယ်လ်ဘေးနီးယားအသင်းကို ၅ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး မက်ဂွိုင်းယားတစ်ဂိုး၊ ဟာရီကိန်း သုံးဂိုးနဲ့ ဟန်ဒါဆင် တစ်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။