၁၂၊ နိုဝင်ဘာလ၊ ၂၀၂၁။
ကောလင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ဖမ်းဆီးသွားတဲ့ ၉တန်းကျောင်းသားအပါအဝင် ကျား၃ဦးရဲ့အ လောင်းကို လက်ပြန်ကြိုးတုတ်ထားလျက် သေနတ်ဒဏ်ရာတွေနဲ့သေဆုံးနေတာကို ပြန်တွေ့ရပါတယ်။
နိုဝင်ဘာ၇ရက်နေ့က စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်၊ရှမ်းကလုံးရွာနားမှာ အကြမ်းဖက်စစ်တပ်နဲ့ ဒေသခံPDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် သူတို့၃ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွားတာဖြစ်ပါတယ်။
‘၁၁ရက်နေ့ကျမှ လယ်တောထဲမှာ အသတ်ခံရတဲ့သူရဲ့မိန်းမက သူ့သား၉တန်းကျောင်းသားကိုပါ ပြန်တွေ့တာ။ လက်ပြန်ကြိုးတုတ်ပြီး သေနတ်နဲ့ပစ်သတ်ထားတာ။စစ်ခွေးတွေရဲ့ အကျင့်က သူတို့ခံရရင် တွေ့တဲ့လူကို ရန်ရှာ တယ်။သူတို့ထပ်အပစ်ခံရမှာစိုးလို့ ဓားစားခံ ပုံစံမျိုး ဖမ်းတယ်။ပစ်သတ်တယ်’လို့ ကောလင်းမြို့ ဒေသခံပြောက်ကျားတစ်ဦးကပြောပါတယ်။
သူတို့၃ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းခေါ်သွားတဲ့ သက်သေတွေရှိပေမဲ့ ပစ်သတ်တာကိုတော့ မျက်မြင်တွေ့သူ မရှိဘူးလို့သိရပါတယ်။
‘ဒါပေမဲ့၊ကျွန်တော်တို့ဒေသခံတိုင်းက အပြစ်မဲ့ပြည်သူကို စစ်ခွေးတွေပစ်သတ်သွားတယ်လို့ ယုံကြည်ကြတယ်။ သူ့အမေခမျာ လင်လည်းသေ၊အရွယ်မရောက်သေးတဲ့သားလည်းသေ ဆိုတော့ ခံစားရတယ်’လို့သူကဆက်ပြော ပါတယ်။
အသတ်ခံရသူတို့မှာ ဦးစက်အောင်၊မောင်ဖိုးချစ်နဲ့ ဦးမြင့်ငွေတို့ဖြစ်ပြီး သူတို့၃ဦးစလုံးမှာ PDF လုံးဝ မဟုတ်ဘူးလို့ သိရပါတယ်။