၁၁၊ နိုဝင်ဘာလ၊ ၂၀၂၁။
အကြမ်းဖက်စစ်အုပ်စုပိုင် မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်(ဦးပိုင်)နဲ့ ဖက်စပ်လုပ်ငန်းဖြစ်တဲ့ မြန်မာဘရူဝါရီ လုပ်ငန်းရဲ့ တတိယသုံးလပတ်အမြတ်ငွေဟာ အရင်နှစ်ကာလတူနဲ့နှိုင်းယှဉ်ပါက ရာခိုင်နှုန်း၄၀ကျော်လျော့ကျ ခဲ့တယ်လို့ သိရပါတယ်။
ဂျပန်ယမ်းငွေနဲ့ တွက်ရင် ၄၉.၄ ရာခိုင်နှုန်း၊ မြန်မာကျပ်ငွေနဲ့ တွက်ချက်ရင် ၄၃.၉ ရာခိုင် နှုန်း လျော့ကျခဲ့ကြောင်း ကီရင်အုပ်စုက ကြေညာတယ်လို့ Justice For Myanmar ကထုတ်ပြန်ပါတယ်။
သူတို့ရဲ့ အမြတ်ငွေလျော့ကျလာမှုဟာ ဒုတိယသုံးလပတ်ထက်လည်း ဆက်လက်လျော့ကျခဲ့တာကြောင့် အမြတ်ငွေခွဲဝေမှုကို ဆက်လက်ရပ်ဆိုင်းထားရသလို မြန်မာဘရူဝါရီအတွက် ဘီယာစည်ပိုင်းတွေ ဝယ်ယူရာမှာ အခက်အခဲတွေရှိတယ်လို့လည်း သိရပါတယ်။
ကီရင်အနေနဲ့ မြန်မာစစ်အုပ်စုနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းကို ရပ်ဆိုင်းသွားမယ်လို့ ကီရင် ဟိုးဒင်းက ပြီးခဲ့တဲ့ ဖေဖော်ဝါရီက ကြေညာခဲ့ပြီး နောက်ဆုံးထုတ်ပြန်ချက်အရ ကီရင်ဟာ သူတို့ရဲ့ မြန်မာဖက်စပ်လုပ်ငန်းကို တရားဝင်ဖျက်သိမ်းဖို့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့သိရပါတယ်။
ကီရင်အနေနဲ့ မြန်မာဘရူဝါရီလုပ်ငန်းလည်ပတ်မှုကို ချက်ချင်းရပ်ဆိုင်းဖို့ နဲ့ ဦးပိုင် နဲ့ သူတို့ စီးပွါးရေးလုပ်ငန်းကို မြန်မြန်ဆန်ဆန် အဆုံးသတ်ဖို့ Justice For Myanmar က တောင်းဆိုကြောင်းလည်းဖော်ပြပါတယ်။
သာမန် ပြည်သူတွေရဲ့ ဆန့်ကျင်မှုဟာ စစ်အုပ်စုရဲ့ စီးပွားရေးအကျိုးစီးပွားတွေကို အမှန်တကယ်ထိခိုက်မှုတွေ ဖြစ်စေ ပြီး မြန်မာဘီယာ နဲ့ စစ်တပ်ထုတ်ကုန်အားလုံးကို သပိတ်မှောက်လှုပ်ရှားမှုတွေက စစ်အုပ်စုဆီ ငွေကြေးစီးဝင်မှုတွေကို ရပ်တန့်စေတယ်လို့လည်း Justice For Myanmar ကဆိုပါတယ်။