၁၁၊ နိုဝင်ဘာလ၊ ၂၀၂၁။
အိန္ဒိယနိုင်ငံနဲ့ သီရိလင်္ကာနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းလို့ အနည်းဆုံး လူ ၄၁ ဦးသေဆုံးခဲ့ရတယ်လို့ ဒီကနေ့ နိုဝင်ဘာ ၁၁ ရက်နေ့မှာ နိုင်ငံရဲ့ အာဏာပိုင်တွေက အသိပေးထားပါတယ်။
အိန္ဒိယနိုင်ငံတောင်ပိုင်းနဲ့ သီရိလင်္ကာနိုင်ငံ တစ်ဝှမ်းလုံးမှာ မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အပြင် လက်ရှိမှာ ရာသီဥတုဆိုးရွားမှုတွေနဲ့ လေဖိအားနည်းရပ်ဝန်းတွေကတော့ ဆက်လက်ရှိနေပါသေးတယ်။
ဒါကြောင့်လည်း မိုးလေဝသပညာရှင်တွေက လာမယ့် ရက်အနည်းငယ်တွင်းလောက်သာ မိုးရွာသွန်းမှု လျော့နည်းသွားမှာဖြစ်တယ်လို့ အသိပေးထားပြီး မြေနိမ့်ပိုင်းမှာရှိတဲ့ ဒေသတွေကိုတော့ ရေကြီးရေလျှံမှုတွေ ဖြစ်လာနိုင်လို့ အထူးသတိပေးထားပါတယ်။
မြေနိမ့်ပိုင်းမှာ နေထိုင်နေကြတဲ့ ပြည်သူတွေကိုလည်း နှစ်နိုင်ငံအစိုးရက ဘေးလွတ်ရာကို ရွှေ့ပြောင်းထားလိုက်ပြီလို့ အသိပေးထားပါတယ်။
အခုလို ဆိုးရွားတဲ့ သဘာဝဘေးနဲ့ ကြုံတွေ့အပြီးမှာတော့ ရက်အနည်းငယ်အတွင်းမှာ ရံဖန်ရံခါ မိုးရွာသွန်းတာလောက်သာ ရှိလာတော့မှာဖြစ်တယ်လို့ အိန္ဒိယနာမည်ကြီး အပျော်တမ်းမိုးလေဝသခန့်မှန်းသူ ပရာဒိဂျွန်က ပြောကြားခဲ့ပါတယ်။
သီရိလင်္ကာနိုင်ငံမှာ မိုးရွာသွန်းမှုကြောင့် သေဆုံးသွားခဲ့တဲ့ လူ ၂၅ ဦးဟာ ရေနစ်သေဆုံးတာတွေနဲ့ မြေပြိုမှုတွေကြောင့် သေဆုံးသွားခဲ့ကြတာလို့ နိုင်ငံရဲ့ တာဝန်ရှိသူတွေက အသိပေးပါတယ်။
အိန္ဒိယနိုင်ငံတောင်ပိုင်းမှာရှိတဲ့ တမီလ်နာဒူးပြည်နယ်က စာသင်ကျောင်းတွေနဲ့ ကောလိပ်တွေကို ပိတ်ထားရပြီး ရထားပြေးဆွဲမှု ခရီးစဉ်တွေကိုလည်း လက်ရှိအချိန်ထိ ရပ်ဆိုင်းထားပါတယ်။