အမေရိကန်နိုင်ငံခြားရေးအကြံပေး နိုင်ငံတကာမိတ်ဖက်တွေနဲ့ မြန်မာ့အရေးဆွေးနွေး

၁၁၊ နိုဝင်ဘာလ၊ ၂၀၂၁။

အမေရိကန်နိုင်ငံခြားရေးဌာနအကြံပေး ဒဲရစ်ချောလက်ဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာမိတ်ဖက်တွေ နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ မူဝါဒရေးရာအကြံပေး ဒဲရက်ရှလက်ဟာ သြစတေးလျ၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ ဥရောပသမဂ္ဂ၊ နယူဇီလန်နဲ့ ဗြိတိန်နိုင်ငံတို့က အရာရှိတွေနဲ့ အခုသီတင်းပတ်အတွင်းဆွေးနွေးခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။

အကြမ်းဖက်မှုရပ်ဖို့၊ ထိန်းသိမ်းခံထားရသူတွေပြန်လွတ်ပေးဖို့၊ လူသားချင်းစာနာမှုအကူအညီ အပြည့်အ၀ ပေးနိုင်ဖို့၊ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်ဖို့ စတာတွေနဲ့ပတ်သက်ပြီး အကြမ်းဖက်စစ်အုပ်စုကို ဖိအားပိုပေးဖို့လိုတဲ့အကြောင်း ဒဲရစ်ချောလက်က ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ အောက်တိုဘာ၂၉ရက်နေ့က ချင်းပြည်နယ်၊ထန်တလန်မြို့ကို လက်နက်ကြီးနဲ့ပစ် ပြီးမီးလောင်တိုက်သွင်းခဲ့သလို အနောက်မြောက်လွင်ပြင်မှာလည်း စစ်ရေးတိုက်ခိုက်မှုတိုးမြှင့်နေပါတယ်။

ဒဲရစ်ချောလက်က သူ့အနေနဲ့ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှု ဆက်ပြီးမြင့်တက်နေတာနဲ့ လူသားချင်းစာနာမှုအခြေအနေပိုဆိုးရွားလာနေတာတွေကို အတော်လေးစိုးရိမ်တဲ့အကြောင်း ပြောခဲ့တယ်လို့လည်းဆိုပါတယ်။

မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်တပ်ဘက်က အမြန်လိုက်နာဖို့ လိုတယ်ဆိုတဲ့အကြောင်း ပြောခဲ့တယ်လို့လည်းသိရပါတယ်။