လက်နက်ကိုင်ချင်း သတ္တိရှိရှိရင်ဆိုင်ဖို့ အကြမ်းဖက်စစ်တပ်ကို သတိပေး

၁၁၊ နိုဝင်ဘာလ၊ ၂၀၂၁။

လက်နက်ကိုင် အချင်းချင်း သတ္တိရှိရှိ ရင်ဆိုင်တိုက်ခိုက်ဖို့  မင်းအောင်လှိုင်ရဲ့အကြမ်းဖက်စစ်တပ်ကို ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က သတိပေးလိုက်ပါတယ်။

ရန်ကုန်တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် အင်္ဂလုံးကျေးရွာအနီး ကင်းလှည့်လာတဲ့စစ်ကားကို  နိုဝင်ဘာ၅ရက်နေ့က ပြည်သူ့တော်လှန်ရေးတပ်သားတွေ ကြားဖြတ်တိုက်ခိုက်ခဲ့လို့  စစ်အုပ်စုတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးပြီး၊ ၁၃ ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် အကြမ်းဖက်စစ်အုပ်စုဟာ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေတဲ့ အတွက် အဲဒီလိုအပြုအမူမျိုးကို ရပ်ပြီး သတ္တိရှိရှိရင်ဆိုင်တိုက်ဖို့ ပြောကြားလိုက်တာပါ။

အကြမ်းဖက်စစ်အုပ်စုတပ်သားတွေဟာ လက်နက်ကိုင် တိုက်ခိုက်ခံရချိန်မှာ  သူရဲဘောကြောင်စွာ ထွက်ပြေးခဲ့ပြီး နောက်ပိုင်းရက်တွေကျမှ  အပြစ်မဲ့ ဒေသခံရွာသားများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ပြီး ကြီးလေးတဲ့စစ်ရာဇဝတ်မှုတွေကို ဆင်ခြင်တုံတရားကင်းမဲ့စွာ ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးနှိပ်စက်မှုကြောင့် ကွမ်းခြံကုန်းမြို့နယ်၊ဒေးဒနောကျေးရွာက အသက် (၃၅)ဝန်းကျင်ရှိ အပြစ်မဲ့ရွာသားကိုမင်းဇော်ဦးဆိုသူ သေဆုံးခဲ့ပြီး (၁၉)နှစ်အရွယ် မောင်ဇင်ဝေအောင်ဆိုသူ ကိုလည်း ရိုက်နှက်သတ်ဖြတ်ခဲ့ကာ မိသားစုထံ အလောင်းတောင်ပြန်မပေးခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်တပ်တွေဟာ နိုဝင်ဘာ ၉ ရက်နေ့ နေ့လည်ပိုင်းကလည်း ဒေး‌ဒနောကျေးရွာ ဝန်းကျင်ရှိ နေအိမ်တွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ရွာသားတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး အသက်(၄၀) အရွယ်ရှိ အပြစ်မဲ့ရွာသား ကိုဝင်းအောင်လတ်ဆိုသူ ပစ်ခတ်ခံခဲ့ရကာ အသက်ဆုံးရှုံးခဲ့ရတယ်လို့လည်း ထုတ်ပြန်ပါတယ်။

ဒါ့အပြင်ကင်းလှည့်ယာဉ်တစ်စီးတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး အင်္ဂလုံးကျေးရွာနှင့် ဒေးဒနောကျေးရွာရှိ အပြစ်မဲ့ အရပ်သားပြည်သူ‌ ၄၀ ကျော်ကို အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်လျက်ရှိရာ ရွာသား ၁၀ ဦးကျော်မှာ အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့လည်းသိရပါတယ်။

 ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ဟာ  “ပျံလွှားအောင်” စစ်ဆင်ရေး စီမံချက်နဲ့ အကြမ်းဖက် စစ်တပ်ကို ခုခံတိုက်ခိုက်နေရာမှာ အပြစ်မဲ့ အရပ်သားတွေ ထိခိုက်မှု မရှိစေရေး အလေးထားဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။