မြန်မာမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ချက်ချင်းရပ်ဖို့ ကုလလုံခြုံရေးကောင်စီ တိုက်တွန်း

၁၁၊ နိုဝင်ဘာလ၊ ၂၀၂၁။

မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေချက်ချင်းရပ်တန့်ဖို့ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့၊ မြန်မာ့အရေးဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးပိတ် အစည်းအဝေးအပြီးမှာ အဖွဲ့ဝင် ၁၅ နိုင်ငံက မြန်မာ့အရေး ရှားရှားပါးပါး သဘောတူညီမှုရရှိပြီးဒေသစံတော်ချိန် နိုဝင်ဘာ၁၀ရက်နေ့က ထုတ်ပြန်လိုက်တာပါ။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်မှုတွေ လတ်တလောထပ်တိုးလာတဲ့အပေါ်အလွန်အမင်းစိုးရိမ်ကြောင်းဆိုသလို အရပ်သားတွေရဲ့လုံခြုံရေးအတွက် သေချာအောင်လုပ်ပေးဖို့လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီက တိုက်တွန်းလိုက်ပါတယ်။

မြန်မာပြည်သူတွေ ရဲ့ အကျိုးစီးပွားကို ရှေ့ရှုပြီး တွေ့ဆုံဆွေးနွေးမှုတွေနဲ့ ရင်ကြားစေ့ရေးတွေ လုပ်ဆောင်ဖို့ အားပေးတိုက်တွန်းတယ်လို့လည်း လုံခြုံရေးကောင်စီ ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက အရေးပေါ်အကူအညီလိုအပ်နေသူတွေဆီ လူသားချင်းစာနာမှုအကူအညီတွေ ဘေးကင်းကင်းနဲ့ အဟန့်အတားမရှိ၊အပြည့်အဝ ပေးနိုင်ရေးနဲ့ အကူအညီပေးသူတွေဘေးကင်းလုံခြုံရေး အတွက် အကာအကွယ်ပေးဖို့လည်း လုံခြုံရေးကောင်စီက တောင်းဆိုခဲ့ပါတယ်။