စိုင်ပြင် ရဲစခန်းမှူးရဲ့ပစ္စည်းတွေ တင်ဆောင်လာတဲ့ကား မိုင်းခွဲခံရပြီး မီးလောင်

၁၀၊ နိုဝင်ဘာလ၊ ၂၀၂၁။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် စိုင်ပြင်ရဲစခန်းမှ ရေဦးမြို့နယ်ရဲစခန်းကို ပြောင်းရွေ့ဖို့ စခန်းမှူးရဲ့ပစ္စည်းတွေတင်ဆောင်လာတဲ့ ကားတစ်စီး မိုင်းခွဲခံရပြီး ကားတစ်စီးလုံး မီးလောင်သွားတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၁၀ရက်နေ့ နေ့လည်ပိုင်းမှာ စိုင်ပြင်ရဲစခန်းကနေ စခန်းမှူးရဲ့ ပစ္စည်းတွေကို တင်ဆောင်ပြီး ရေဦးမြို့ကို ထွက်ခွာလာတဲ့ မော်တော်ယာဉ်နှစ်စီးအနက် အနီရောင်မော်တော်ယာဉ် တစ်စီးဟာ စိုပြင်နဲ့ ဒီပဲယင်းမြို့နယ်ကြားမှာ ၃ကြိမ်ထက် မနည်းမိုင်းဆွဲခံခဲ့ရပြီး မီးလောင်ပျက်စီးခဲ့တာပါ။

“PDFတွေက သတင်းကြိုရထားတော့ စောင့်နေလိုက်တာ၊ လမ်းမှာမိုင်းဆွဲလိုက်တာ တစ်စီးကလွတ်သွားပြီး တစ်စီးကတော့ အကုန်မီးလောင်သွားတယ် အကုန်စခန်းမှူးရဲ့ ပစ္စည်းတွေပေါ့၊ သူက နယ်ပြောင်းရပြီဆိုပြီး အကုန်တင်လာ၊ အခုတော့ ပြာဖြစ်သွားပြီ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခဲ့မှုနဲ့ ပက်သက်ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ သီးခြား သတင်းထုတ်ပြန်လာခြင်း မရှိသေးပါဘူး။

ဓာတ်ပုံ- Information For Saingpyn