ဗြိတိန်မှာ မင်္ဂလာပွဲ ကျင်းပခဲ့တဲ့ မာလာလာ

၁၀၊ နိုဝင်ဘာလ၊ ၂၀၂၁။

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မာလာလာဟာ သူ့ရဲ့ ချစ်သူ အက်ဆာနဲ့ ဗြိတိန်မှာ မင်္ဂလာပွဲ ကျင်းပလိုက်ပြီဖြစ်ပါတယ်။ 

သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲပုံရိပ်တွေကိုတော့ မာလာလာက သူ့ရဲ့တွစ်တာမှာ တရားဝင် အသိပေးဖော်ပြခဲ့တာဖြစ်ပြီး ဗြိတိန်နိုင်ငံ ဘာမင်ဂမ်မြို့မှာရှိတဲ့ နေအိမ်မှာပဲ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ 

မာလာလာက သူ့ရဲ့ ချစ်သူ အက်ဆာနဲ့ အခုလို မင်္ဂလာပွဲကျင်းပနိုင်ခဲ့တဲ့အတွက် ဘဝရဲ့ အဖိုးတန်ဆုံး နေ့ထူးတစ်နေ့အဖြစ် သတ်မှတ်ပြီး ပျော်ရွှင်နေရတယ်လို့လည်း အသိပေးပါတယ်။

ရှေ့လာမယ့် ခရီးအတွက် ချစ်သူအက်ဆာနဲ့ အတူ လျှောက်လှမ်းရတော့မယ့်အတွက် စိတ်လှုပ်ရှားနေရတယ်လို့လည်း သူက ဆိုပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပါကစ္စတန်အမျိုးသမီး မာလာလာဟာ အမျိုးသမီးတွေရဲ့ ပညာရေးအတွက် တက်တက်ကြွကြွပါဝင်လုပ်ဆောင်နေသူတစ်ဦးဖြစ်ပါတယ်။

 ၂၀၁၂ ခုနှစ်လောက်က တာလီဘန်အကြမ်းဖက်သမားတွေရဲ့ ပစ်သတ်တာကို ခံခဲ့ရပေမယ့် ကံကောင်းစွာပဲ အသက်ရှင်ကျန်ရစ်နိုင်ခဲ့တာပါ။ 

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလမှာတော့ သူရဲ့ လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုချီးမြှင့်တာခံရပြီး အသက်အငယ်ဆုံး နိုဘယ်ဆုရှင်ဖြစ်လာခဲ့ရပါတယ်။