စစ်အုပ်စုကို တရားဝင်အစိုးရအဖြစ် ဘယ်လိုနည်းနဲ့မှ ထောက်ခံမှာ မဟုတ်ဘူးလို့ ဥရောပသမဂ္ဂ ထုတ်ပြန်

၉၊ နိုဝင်ဘာလ၊ ၂၀၂၁။

အကြမ်းဖက်စစ်အုပ်စုကို တရားဝင်အစိုးရအဖြစ် ဘယ်လိုနည်းနဲ့မှ ထောက်ခံမှာမဟုတ်ဘူးလို့ ဥရောပသမဂ္ဂက  ထုတ်ပြန်လိုက်ပါတယ်။

ဥရောပသမဂ္ဂ ကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ်က ယမန်နေ့ထုတ်ပြန်ချက်မှာ အဲဒီလိုဖော်ပြထားတာပါ။

ဥရောပသမဂ္ဂအနေနဲ့  စစ်အုပ်စုက  ဆိုးရွားစွာ ကျူးလွန်ထားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြင်းထန်စွာရှုတ်ချခဲ့သလို ချင်းပြည်နယ်အတွင်းရှိ ကျေးရွာတွေနဲ့ အရပ်သားပြည်သူတွေအပေါ် မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကို  ပြင်းထန်စွာ ရှုတ်ချပြီး တရားမျှတမှုနဲ့ တာဝန်ခံမှုရှိဖို့လည်းတောင်းဆိုပါတယ်။ ဒါ့အပြင် လတ်တလောမျက်မြင်ကြုံတွေ့နေရတဲ့စစ်မက်ပြုမှုတွေနဲ့မလျော်မကန်အင်အားသုံးမှုတွေအားလုံးကို ချက်ချင်းရပ်တန့်ဖို့လည်း ထပ်လောင်းတောင်းဆိုပါတယ်။

စစ်တပ်အာဏာပိုင်တွေအနေနဲ့  နိုင်ငံအနှံ့အပြားရှိ နေရပ်စွန့်ခွာတိမ်းရှောင်သူတွေနဲ့ အကူအညီလိုအပ်သူတွေ အားလုံးထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ မြန်ဆန်ဘေးကင်းပြီး အဆီးအတားမဲ့ လက်လှမ်းမီရောက်ရှိစေဖို့ ဆောင်ရွက်ရမှာဖြစ်ပြီး ဥရောပသမဂ္ဂဟာ လည်း လူသားချင်းစာနာထောက်ထားမှု၊ ဘက်မလိုက်မှု၊ သမာသမတ်ကျမှုနဲ့ အမှီအခိုကင်းမှုဆိုင်ရာ အခြေခံမူတွေနဲ့အညီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ဆက်လက်ပေးအပ်သွားမယ်လို့ သိရပါတယ်။ ပြည်သူလူထုအပေါ် စုပြုံသက်ရောက်နေတဲ့ တိုက်ပွဲတွေ၊ စားနပ်ရိက္ခာမဖူလုံမှု၊ ကိုဗစ် ကပ်ရောဂါတို့နဲ့စပ်လျဉ်းပြီး အလွန်အမင်း စိုးရိမ်ပူပန်နေတယ်လို့လည်းထုတ်ပြန်ပါတယ်။