အမှုဆောင်အရာရှိရာထူးကနေ နုတ်ထွက်တော့မှာဖြစ်ပေမယ့် မန်ယူရဲ့ အတိုင်ပင်ခံရာထူးအတွက် အက်ဝုဒ်ဝက် ဆက်လက်ဆွေးနွေး

 

၉၊ နိုဝင်ဘာ၊ ၂၀၂၁။

မန်ယူအသင်းရဲ့ အမှုဆောင်အရာရှိ အက်ဝုဒ်ဝက်ဟာ ရှစ်နှစ်တာကာလ တာဝန်ထမ်းဆောင်ခဲ့တဲ့ အမှုဆောင်အရာရှိ ရာထူးကနေ နုတ်ထွက်တော့မှာဖြစ်ပေမယ့် အခုအခါမှာ မန်ယူအသင်းရဲ့ အတိုင်ပင်ခံရာထူးနေရာမှာ ဆက်လက်တာဝန်ထမ်းဆောင်ဖို့ ဆွေးနွေးမှုပြုလုပ်နေပြီဖြစ်တယ်လို့ သိရှိရပါတယ်။ 

မန်ယူအမှုဆောင်အရာရှိ အက်ဝုဒ်ဝက် တာဝန်ယူခဲ့တဲ့ ကာလမှာ အသင်းအနေနဲ့ ရုန်းကန်ခဲ့ရပြီး ဝေဖန်မှုများစွာနဲ့ ရင်ဆိုင်ခဲ့ရသလို သူ့ရဲ့ နေအိမ်အထိပရိသတ်တွေရဲ့ တိုက်ခိုက်တာတွေနဲ့လည်း ကြုံတွေ့ခဲ့ရတာပါ။  

ဒါကြောင့်လည်း အက်ဝုဒ်ဝက်ကိုယ်တိုင်က လာမယ့် ဒီဇင်ဘာလကုန်လောက်မှာ ရာထူးက နုတ်ထွက်တော့မှာဖြစ်တယ်လို့ အသိပေးထားခဲ့ပြီးဖြစ်ပေမယ့်  Daily Mail သတင်းဌာနကတော့ မန်ယူအသင်းရဲ့ အတိုင်ပင်ခံရာထူးနဲ့ အက်ဝုဒ်ဝက်တစ်ယောက် မန်ယူမှာ ဆက်ရှိနိုင်မှာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

လက်ရှိမှာ မန်ယူအသင်းရဲ့ အတွင်းရေး ကိစ္စတွေဟာ နောက်ကွယ်မှာ ရှုပ်ထွေးမှုတွေ ရှိနေတယ်လို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။ 

ဒါပေမဲ့ အမှုဆောင်အရာရှိတွေအနေနဲ့ အသင်းကနေ ထွက်ခွာသွားပေမယ့် အသင်းက လိုအပ်ရင် သူတို့ရဲ့ အကြံဉာဏ်တွေကို တောင်းခံရယူပြီး အသင်းနဲ့ ဆက်လက် လက်တွဲလုပ်ဆောင်နိုင်ခွင့်နဲ့ သဘောတူညီချက်တွေ ရှိယူခွင့်ရှိတယ်လို့လည်း မန်ယူနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။