၉၊ နိုဝင်ဘာလ၊ ၂၀၂၁။
မြန်မာအနောက်မြောက်လွင်ပြင်အထူး စိုးရိမ်ဖွယ်ရာ စစ်ရေးတိုးမြှင့်နေမှုအခြေအနေအရ ကုလသမဂ္ဂလုံခြုံရေးကောင် စီမှာ မြန်မာအရေးနဲ့ပတ်သက်တဲ့တံခါးပိတ်အစည်းအဝေးကို ဗြိတိန်နိုင်ငံရဲ့မေတ္တာရပ်ခံချက်နဲ့ ဒေသစံတော်ချိန် နိုဝင်ဘာ၈ရက်နေ့မှာ ကျင်းပနေပါတယ်။
၂၀၂၀ရွေးကောက်ပွဲတစ်နှစ်ပြည့်နေ့နဲ့တိုက်ဆိုင်စွာပဲ တံခါးပိတ်အစည်းအဝေးကျင်းပတာဖြစ်ပြီးမြန်မာအကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ရေးတိုးမြှင့်နေမှုလုပ်ရပ်ဟာ ပြီးခဲ့တဲ့ ၄နှစ်က ရခိုင်ပြည်နယ်အတွင်းရိုဟင်ဂျာတွေကို ရက်ရက်စက်စက်နှိမ်နင်းခဲ့တာကိုပြန်မြင်ယောင်စေတယ်လို့ဗြိတိန်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ လက်ထောက်သံအမတ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ‘စစ်ကောင်စီရဲ့ထိုးစစ်တွေကို ဟန့်နိုင်မလားဆိုတဲ့ရည်ရွယ်ချက်နဲ့ လုံခြုံရေးကောင်စီအထိ တက်လာတယ်လို့ထင်ပါတယ်။စစ်ကောင်စီကတော့ ဒီနေ့အထိ ဘယ်သူ့ကိုမှ ဂရုမစိုက် ဘူးဆိုတာလည်း အားလုံးမျက်မြင်ပါပဲ။စောင့်ကြည့်ရမှာပေါ့’လို့ ဆိုပါတယ်။
တစ်နေ့တခြား ပိုပြီးဆိုးလာနေတဲ့ မြန်မာနိုင်ငံအတွင်းက ပဋိပက္ခတွေနဲ့ စီးပွားရေး ကျဆင်းမှုတွေကြောင့် လူသုံးသန်းကျော်အတွက် အကူအညီတွေ သေရေးရှင်ရေး လိုအပ်နေပြီး လူသားချင်းစာနာမှုဆိုင်ရာအခြေအနေတွေဟာ ဆိုးသထက်ဆိုးလာနေတယ်လို့လည်း ကုလသမဂ္ဂရဲ့ ကူညီမှုဆိုင်ရာအကြီးအကဲ Martin Griffiths က ပြောကြားကြောင်းရိုက်တာကဖော်ပြပါတယ်။
ဆက်လက်ပြီးကုလသမဂ္ဂရဲ့ ကူညီမှုဆိုင်ရာအကြီးအကဲ က ချင်းပြည်နယ်မှာ လူနေအိမ်တွေ၊ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေး ရုံးပါ မီးရှို့ခံခဲ့ရပြီး လူပေါင်း သုံးသောင်းခုနှစ်ထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ပြောပါတယ်။
အဲဒီလို အရပ်သားပြည်သူတွေကို တိုက်ခိုက်မှုတွေဟာ နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာ ဥပဒေက ကန့်ကွက်ထားတာဖြစ်တဲ့အတွက် ဒီလုပ်ရပ်တွေကို ချက်ချင်းရပ်ပစ်ရမယ်လို့ ဆိုပါတယ်။