ဆူဒန် ဒီမိုကရေစီလိုလားသူတွေအကြား CDM လှုပ်ရှားမှု စတင်

၈၊ နိုဝင်ဘာလ၊ ၂၀၂၁။

အာဏာသိမ်း ဆူဒန်နိုင်ငံမှာ ဒီမိုကရေစီရေး လှုပ်ရှားတဲ့ အုပ်စုတွေက ၂ ရက်ကြာ CDM (အကြမ်းမဖက် အာဏာဖီဆန်ရေး) လှုပ်ရှားမှုကို နိုဝင်ဘာ ၇ရက်နေ့က စတင်လိုက်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေပါတယ်။

တယ်လီဖုန်းနဲ့ အင်တာနက်လိုင်းတွေ ကြားဖြတ် နှောင့်ယှက်ခံနေရတဲ့အတွက် CDM မှာ ပါဝင်လာကြဖို့ အကန့်အသတ် ဖြစ်နေတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၂၅ ရက် ဆူဒန်နိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း အင်တာနက်လိုင်းတွေ ပြတ်တောက်နေပြီး တယ်လီဖုန်းလိုင်းတွေလည်း ပုံမှန်အတိုင်း ဆက်သွယ်လို့မရ ဖြစ်နေပါတယ်။

ဒေသခံ တော်လှန်ရေးအင်အားစုတွေနဲ့အတူ ၂၀၁၉ တုန်းက သမ္မတဟောင်း အိုမာ-အယ်လ်-ဘာရှီရာ ကို ဖြုတ်ချခဲ့တဲ့ ဆူဒန်ပညာရှင်များအစည်းအရုံး (SPA) တို့က စစ်အာဏာသိမ်းမှု အဆုံးသတ်သွားစေရေးအတွက် ဆူဒန်ဆန္ဒပြပွဲတွေကို ဦးဆောင်နေတာပါ။

ခါတွန် မြို့တော်မှာရှိတဲ့ ပညာရေးဝန်ကြီးဌာန အဆောက်အဦနား ထိုင်သပိတ်လုပ်နေသူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးသုံးပြီး ဖြိုခွဲခဲ့တယ်လို့ ဆရာများသမဂ္ဂက ပြောပါတယ်။ အဲဒီသပိတ်က လူ ၈၇ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

နိုင်ငံရေးလှုပ်ရှားသူတွေကတော့ ဆူဒန်စစ်တပ် နိုင်ငံရေးကနေ ထွက်သွားဖို့ တောင်းဆိုထားပြီး မလိုက်လျောရင် နိုဝင်ဘာ ၁၃ ရက်နေ့ လူထုအုံကြွမှု လုပ်မယ်လို့ စီစဉ်ထားသလို လုံးဝ အပေးအယူလုပ် ညှိနှိုင်းမှာ မဟုတ်ဘူးလို့လည်း ကြွေးကြော်ထားပါတယ်။

မီဒါနီ ၊ ညာလာနဲ့ အက်ဘာရာ စတဲ့ မြို့တွေမှာလည်း ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး သမ္မတဟောင်း ဘာရှီရာ ကို သစ္စာခံသူတွေ ပြန်လည်ခန့်အပ်ခြင်း ခံရတဲ့အပေါ် ရာနဲ့ချီတဲ့လူတွေ ဆန့်ကျင်ဆန္ဒပြခဲ့ကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။