မန်ယူရဲ့လက်ရှိကစားသမားတွေကို ကျိန်စာတိုက်လိုက်တယ်လို့ ရွိုင်ကိန်း ပြောကြား

၈၊ နိုဝင်ဘာ၊ ၂၀၂၁။

မန်ယူအသင်း‌ခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက အသင်းမှာရှိတဲ့ ကစားသမားတွေကို သူ့အနေနဲ့ ကျိန်စာတိုက်လိုက်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ရွိုင်ကိန်းဟာ မန်ချက်စတာစီးတီးကနေ မန်ချက်စတာယူနိုက်တက်ကို နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ယူသွားခဲ့တဲ့ မန်ချက်စတာဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ လက်ရှိ မန်ယူကစားသမားတွေကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး ဒီအခြေအနေဟာ တကယ့်ကို စိတ်ပျက်စရာ ကောင်းလှတယ်လို့ ရွိုင်ကိန်းက မှတ်ချက်ပေးသွားခဲ့ပါတယ်။

မန်စီးတီးကို အရေးနိမ့်ရတာဟာ လီဗာပူးကို ရှုံးခဲ့ရတဲ့ပွဲထက် ပိုပြီး နာကျင်စရာကောင်းတယ်လို့ ရွိုင်ကိန်းက မှတ်ချက်ပေးသွားခဲ့ပြီး မန်စီးတီးဟာ မန်ယူကို အရုပ်တစ်ရုပ်လို သဘောထား ကစားသွားတာတဲ့အတွက် အတော့်ကို ခံပြင်းမိတယ်လို့လည်း ရွိုင်ကိန်းက ပြောကြားသွားခဲ့ပါတယ်။

အဆင့်အတန်း၊ အရည်အသွေး၊ ကစားပုံ၊ ပွဲထိန်းချုပ်နိုင်စွမ်း၊ ဆုံးဖြတ်ချက် ချမှတ်နိုင်မှု စတဲ့ ဘယ်နေရာမှာမှ မန်ယူက မန်စီးတီးထက် မသာလွန်ခဲ့တဲ့အပြင် လက်ရှိမန်ယူကစားသမားတွေထဲမှာ မန်ယူဂျာစီကို ဝတ်ဆင်ဖို့ ထိုက်တန်သူလို့ တစ်ယောက်မှ မတွေ့ခဲ့ရဘူးလို့လည်း ရွိုင်ကိန်းက အသိပေးသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ၂၀၂၁ ခုနှစ်အတွင်း အိမ်ကွင်းရှုံးပွဲ အရေအတွက် ရှစ်ပွဲအထိ ရှိသွားခဲ့ပြီဖြစ်ကာ ဒါဟာ ၁၉၈၉ ခုနှစ်နောက်ပိုင်း ပြက္ခဒိန်နှစ်တစ်ခုအတွင်း ယူနိုက်တက်က ပထမဆုံးအကြိမ်အဖြစ် အိမ်ကွင်းရှုံးပွဲ ရှစ်ပွဲ ပြန်ကြုံရတာပဲဖြစ်ပါတယ်။