၈၊ နိုဝင်ဘာ၊ ၂၀၂၁။
လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ်ဟာ ဝက်စ်ဟမ်းကနေပြီး လီဗာပူးလ်ကို သုံးဂိုး နှစ်ဂိုးနဲ့ အနိုင်ယူသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ သူ့အသင်းအနေနဲ့ အရှုံးရလဒ်ကြုံခဲ့ရတာက ကွင်းလယ်ဒိုင်လူကြီး ခရိတ်ချ် ပေါဆန်ရဲ့ဆုံးဖြတ်ချက်အမှားတွေကြောင့်ဖြစ်တယ်လို့ ပြစ်တင်ဝေဖန်လိုက်ပါတယ်။
လီဗာပူးလ်ဟာ ပြီးခဲ့တဲ့ ဧပြီလနောက်ပိုင်းမှာ ပထမဆုံးသော ရှုံးပွဲကို ကြုံဆုံရင်ဆိုင်လိုက်ရတာဖြစ်ပြီး ဒီပွဲမှာ ဒိုင်လူကြီးအနေနဲ့ ဝက်စ်ဟမ်းသွင်းယူတဲ့ ပထမဆုံးဂိုးကို ပယ်ဖျက်သင့်တဲ့အပြင် ဝက်စ်ဟမ်းနောက်ခံလူ ခရက်စ်ဝဲလ်ကိုလည်း အနီကတ်ပြသ ထုတ်ပယ်သင့်ကြောင့် ဂျာဂင်ကလော့ပ်က ပြောကြားသွားခဲ့ပါတယ်။
ဝက်စ်ဟမ်း ရရှိသွားခဲ့တဲ့ ပထမဆုံးဂိုးကို ပြန်လည်ဆန်းစစ်ကြည့်မယ်ဆိုရင် ဝက်စ်ဟမ်းကစားသမား အော့ဂ်ဘွန်နာက လီဗာပူးလ်ဂိုးသမား အယ်လ်လီဆန်ကို ပြစ်ဒဏ်ကျူးလွန်လိုက်တာကြောင့် အယ်လ်လီဆန်ဟာ ကိုယ့်ဂိုးကိုယ် ပြန်သွင်းမိသွားတာဖြစ်ကြောင်း ဂျာဂင်ကလော့ပ်က မှတ်ချက်ပေးသွားခဲ့ပါတယ်။
ဝက်စ်ဟမ်းနောက်ခံလူ ခရက်စ်ဝဲလ်ကနေပြီး လီဗာပူးလ်ကွင်းလယ်လူ ဟန်ဒါဆန်ကို ပြစ်ဒဏ်ကျူးလွန်လိုက်တာကလည်း လုံးဝကို လက်မခံနိုင်စရာ အခြေအနေဖြစ်ပြီး ဒါဟာ တိုက်ရိုက်အနီကတ် ပြသထုတ်ပယ်ရမယ့် အဖြစ်အပျက်မျိုးဖြစ်တယ်ဆိုတာကို အထင်အရှား တွေ့မြင်နိုင်ကြောင်းလည်း ဂျာဂင်ကလော့ပ်က အသိပေးသွားခဲ့ပါတယ်။
လီဗာပူးလ်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့တုန်းက ရီးရဲလ်မက်ဒရစ်ကို ချန်ပီယံလိဂ်မှာ ရှုံးနိမ့်လိုက်ရပြီးတဲ့နောက်ပိုင်း ပြိုင်ပွဲစုံ ၂၆ ပွဲဆက်တိုက် ရှုံးပွဲမရှိ ဖြတ်သန်းနိုင်ခဲ့ပြီး အခုပွဲစဉ်ကိုရောက်မှ အရှုံးရလဒ်ကို ပြန်လည် ကြုံဆုံလိုက်ရတာပဲဖြစ်ပါတယ်။