အာဆင်နယ်အသင်းကို ရောင်းထုတ်သွားမဟုတ်ဘူးလို့ အသင်းဒါရိုက်တာ ဂျို့ရှ်ခရွန်ကီ အခိုင်အမာပြော

 

၇၊ နိုဝင်ဘာ၊ ၂၀၂၁။

အာဆင်နယ်အသင်းပိုင်ရှင် စတန်းခရွန်ကီရဲ့သားဖြစ်သူ ဂျို့ရှ်ခရွန်ကီက အာဆယ်နယ်အသင်းကို ရောင်းချသွားမှာ မဟုတ်ဘူးလို့ အခိုင်အမာ အသိပေးလိုက်ပါတယ်။ 

ဂျို့ရှ်ခရွန်ကီဟာ အာဆင်နယ်အသင်းရဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး အာဆင်နယ်အသင်းကို ရောင်းချတော့မယ်ဆိုတဲ့ သတင်းတွေအတွက် သူက အခုလို အတည်ပြုပြောကြားခဲ့တာပဲဖြစ်ပါတယ်။

အစောပိုင်းမှာ အာဆင်နယ်အသင်းကို Spotify ပိုင်ရှင် ဆွီဒင်သူဌေး ဒန်နီရယ်အက်ခ်က ဝယ်ယူမယ်ဆိုပြီး အသံထွက်နေခဲ့တာပါ။

သူဟာ အာဆင်နယ်အသင်းကို ဝယ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် ပထမအကြိမ်မှာ အာဆင်နယ်အသင်းရဲ့ ငြင်းပယ်တာကို ခံခဲ့ရပါတယ်။ ဒါကြောင့်လည်း ပထမကမ်းလှမ်းခဲ့တဲ့ ငွေကြေး ၁.၈ ဘီလီယံကို ၂ ဘီလီယံအထိ တိုးမြှင့်ပြီး ကမ်းလှမ်းဖို့အထိ ကြိုးပမ်းခဲ့ပါတယ်။

အွန်နရီဦးဆောင်တဲ့ အာဆင်နယ်ကစားသမားဟောင်းတွေကလည်း ဒယ်နီရယ်အက်ခ်ရဲ့ ကမ်းလှမ်းမှုကို ကြိုဆိုပြီး အနာဂတ်မှာ အသင်းရဲ့ အပြောင်းအလဲကို မြင်တွေ့ချင်နေကြပါတယ်။

ဒါပေမဲ့ အခုလို ဂျို့ရှ်ခရွန်ကီရဲ့ အခိုင်အမာ ပြောကြားချက်တစ်ခုကြောင့် ဒန်နီရယ်အက်ခ်ရဲ့ အာဆင်နယ်အသင်းကို ဝယ်ယူဖို့ ရည်မှန်းချက်ဟာ ဝေးကွာသွားဖို့ ရှိလာခဲ့တာပါ။ 

ဂျို့ရှ်ခရွန်ကီဟာ လက်ရှိ အာဆင်နယ်နည်းပြ အာတီတာကိုလည်း ယုံကြည်မှုထားရှိထားပြီး အနာဂတ်အာဆင်နယ်အသင်းရဲ့ အသင်းတည်ဆောက်ရေးအပိုင်းတွေအတွက် ကာလရှည် ဆက်လက် ခန့်အပ်ထားဖို့ ရှိနေခဲ့တာပါ။