၆၊ နိုဝင်ဘာ၊ ၂၀၂၁။
မန်ယူနည်းပြ ဆိုးလ်ရှားက သူ့အသင်းဟာ မန်ချက်စတာမြို့မှာတင် မကဘဲ ကမ္ဘာမှာပါ နံပါတ်တစ်အသင်းဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဆိုးလ်ရှားဟာ ဒီကနေ့ည ယှဉ်ပြိုင်ကစားရမယ့် မန်ချက်စတာဒါဘီပွဲစဉ်မတိုင်ခင် သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်အခိုက်မှာ အခုလိုမျိုး ပြောကြားသွားခဲ့တာပါ။
နောက်ဆုံး ၁၀ နှစ်တာကာလ ဖြတ်သန်းမှုအတွင်း မန်ချက်စတာစီးတီးက ပရီးမီးယားလိဂ် ချန်ပီယံဆုကို ငါးကြိမ်အထိ ဆွတ်ခူးရရှိထားပြီး မန်ချက်စတာယူနိုက်တက်က တစ်ကြိမ်တည်းသာ ရထားချိန်မှာ နည်းပြ ဆိုးလ်ရှားက ဒီလို မှတ်ချက်စကားကို ပေးအပ်လိုက်တာပါ။
“ပြီးခဲ့တဲ့ ၁၀ နှစ်တာကာလအတွင်း မန်စီးတီး လုပ်ပြခဲ့တာတွေကို ကျွန်တော်တို့ လေးစားရပါလိမ့်မယ်။ အင်္ဂလန်နဲ့ ဥရောပမှာ သူတို့လုပ်ပြခဲ့တာက တကယ့်ကို ထိပ်တန်းအဆင့်ပါ။ ဒါပေမဲ့ ကျွန်တော်တို့က မန်ချက်စတာယူနိုက်တက်ပါ။ နောက်ကလိုက်ပြီး အမြဲကို ပြန်လာခဲ့တဲ့အသင်းဖြစ်ပါတယ်။ မန်ချက်စတာမြို့မှာ ကျွန်တော်တို့က နံပါတ် ၁ ပါပဲ။ ကမ္ဘာမှာတောင် နံပါတ် ၁ လို့ ပြောလို့ ရပါတယ်”လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဆိုးလ်ရှားက ပြောကြားသွားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ဒီနေ့ည ယှဉ်ပြိုင်ကစားမယ့် မန်ချက်စတာဒါဘီပွဲစဉ်အတွက် ခံစစ်ပိုင်းဆိုင်ရာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး ဗာရန်းနဲ့ လင်ဒီလော့ဖ်တို့ဟာ ဒဏ်ရာပြဿနာတွေကြောင့် ဒီနေ့ညပွဲစဉ်ကို ပါဝင်ကစားနိုင်ဖို့ မရှိဘူးလို့ သိရပါတယ်။