မန်ချက်စတာဒါဘီပွဲမှာ ဘယ်သူအသာရမလဲ 

၆၊ နိုဝင်ဘာ၊ ၂၀၂၁။

ဒီကနေ့ စနေ့ညရဲ့  ပရီးမီးယားလိဂ်ဘက်ခြမ်းမှာ မန်ချက်စတာဒါဘီ ပွဲကောင်းတစ်ပွဲ ရှိနေပါတယ်။ ည ၇ နာရီမှာ ယှဉ်ပြိုင်ကစားသွားမယ့် ဒီပွဲစဉ်ဟာ နှစ်သင်းစလုံးအတွက် အရေးပါပေမယ့် အိမ်ရှင် မန်ယူအသင်းကတော့ ပိုလို့တောင် အရေးပါနေခဲ့ပါတယ်။ 

မန်ယူအသင်းဟာ ရလဒ်ဆိုးတွေကနေ ရုန်းထွက်ဖို့ ကြိုးပမ်း‌နေပေမယ့် ခြေစွမ်းက ယုံကြည်လို့ မရတဲ့အပြင် ပွဲကျပ်တွေပဲ ကစားနေရတဲ့အခြေအနေကြောင့် အခက်တွေ့နေရတယ်လို့ ပြောရမှာပါ။ 

မန်စီးတီးအသင်းကတော့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၈ ပွဲမှာ ရှုံးပွဲမရှိကစားနိုင်ခဲ့ပေမယ့် ၉ ပွဲမြောက် ပဲလေ့စ်အသင်းနဲ့ ပွဲစဉ်မှာတော့ ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ရလို့ ရှုံးပွဲမရှိ ဖြတ်သန်းနေတဲ့ သူတို့ရဲ့ စံချိန်တွေ ပျက်စီးခဲ့ရပါတယ်။ 

ပဲလေ့စ်နဲ့ ပွဲစဉ်က အရှုံးက မန်စီးတီးအသင်းအတွက် ရှုံးချက်နာခဲ့တယ်လို့ ပြောရင်လည်း ရပါတယ်။ နှစ်သင်းစလုံးက အမှတ်ပေးဇယား အဆင့် ၃ နဲ့ ၅ မှာ ရပ်တည်နေကြပေမယ့် ကိုယ်စီဖိအားတွေရှိနေသလို၊ ထိပ်ပိုင်းအသင်းတွေရဲ့ အမှတ်ကွာဟချက် ကျဉ်းမြောင်းနေတဲ့အချက်ကိုလည်း ထည့်သွင်းတွက်ချက်ရပါမယ်။

မန်ယူဟာ ၁၀ ပွဲကစားအပြီး ရမှန် ၁၇ မှတ်၊ အဆင့် ၅ နေရာမှာရပ်တည်နေပြီး တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ ပွဲစဉ်မှာ အနိုင်ရလိုက်တာက အသင်းကို အားပြန်ဖြစ်စေခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အိမ်ကွင်းစွမ်းဆောင်ရည်ဟာ ဒီရာသီမှာ ယုံစားလို့ မရတာကလည်း အဓိက အချက်ဖြစ်နေပါတယ်။

ဒီရာသီအိမ်ကွင်းစွမ်းဆောင်ရည်မှာ အက်စတွန်ဗီလာကိုရှုံး၊ အဲဗာတန်ကို သရေနဲ့ လီဗာပူးလ်ကို ရှုံးနိမ့်ထားတဲ့ မန်ယူအသင်းဟာ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကို ဧည့်ခံရမယ့် အခြေအနေမှာလည်း အခက်တွေ့ဖို့ ရှိနေပါတယ်။ 

မန်စီးတီးအသင်းရဲ့ အဝေးကွင်းစွမ်းဆောင်ရည်ကတော့ ပရီးမီးယားလိဂ် ပွဲဦးထွက်မှာ စပါးကို ရှုံးနိမ့်ပြီးကတည်းက လီဗာပူးလ်အသင်းနဲ့ သရေတစ်ပွဲ ကစားခဲ့ပြီး ကျန်ပွဲစဉ်တွေကို အနိုင်ရအောင် ကစားထားပါတယ်။ 

လက်ရှိစုဖွဲ့မှုအရ မန်စီးတီးက အသာရသယောင်ရှိနေပေမယ့် မန်ချက်စတာဒါဘီဆိုတဲ့ ယှဉ်ပြိုင်မှုမှာ မထင်မှတ်တဲ့ ရလဒ်ပိုင်းတွေဖြစ်လာဖို့ ရှိနေတာပါ။ 

အိမ်ရှင်မန်ယူအသင်းရဲ့ နည်းပြဆိုးလ်ရှားကတော့ မြို့ခံပြိုင်ဘက်ကို အကောင်းဆုံးယှဉ်ပြိုင်ပြီး မန်ချက်စတာရဲ့ အကောင်းဆုံးအသင်းဖြစ်တာကို သက်သေပြမယ်လို့ ကြွေးကြော်ထားပါတယ်။ 

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မန်ယူအသင်းကို မနိုင်တာ နောက်ဆုံး မန်ချက်စတာနှစ်သင်း ထိပ်တိုက်တွေ့ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲကို ကြည့်ရင် သိနိုင်ပါတယ်။ 

ဒါကြာင့် ဒီကနေ့ပွဲစဉ်မှာ အနိုင်အရှုံးမပေါ်တဲ့ ရလဒ်တခုသာ မြင်တွေ့ရဖို့ ရှိနေပါတယ်။ 

 

DNA Sports ရွေးချယ်မှု >>> မန်ယူ ၀-၀ မန်စီးတီး