အခုကနေ လာမယ့်နှစ် ဖေဖော်ဝါရီလအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ပိုမိုများပြားလာလိမ့်မယ်လို့ WHO သတိပေး

 

 

၅၊ နိုဝင်ဘာ၊ ၂၀၂၁။

ကိုဗစ်ကြောင့် သေဆုံးမှုတွေဟာ လာမယ့် လတွေမှာ ပိုမိုပြီး အဖြစ်များလာမှာဖြစ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း  (WHO) ကတော့ ဒီအခြေအနေနဲ့ ပတ်သက်ပြီး သတိပေးမှုပြုလုပ်လိုက်ပါတယ်။ 

ကိုဗစ်ဟာ အခုလက်ရှိအတိုင်း ဆက်လက်ပြီး ပျံ့ပွားနေရင် အခုကနေ လာမယ့်နှစ် ဖေဖော်ဝါရီလအတွင်း သေဆုံးသူ ဦးရေ ငါးသိန်းကျော်လောက် ရှိလာမှာဖြစ်တယ်လို့ WHO က ခန့်မှန်းခဲ့တာပါ။ 

ဒီသတိပေးချက်ကိုတော့ WHO က ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်၊ မနေ့က အသိပေးခဲ့တာဖြစ်ပြီး ဥရောပနဲ့ ဗဟိုအာရှနိုင်ငံတွေဟာ ကိုဗစ်ဗိုင်းရပ်စ်ကြောင့် ပိုမိုပြီး အထိနာမှာဖြစ်တယ်လို့ သတိပေးခဲ့တာပဲဖြစ်ပါတယ်။ 

ရာသီအလိုက် ဖြစ်ပွားတတ်တဲ့ အအေးမိပြဿနာတွေနဲ့အတူ ကိုဗစ်ဟာ ဆက်လက် ပျံ့ပွားနေမှာဖြစ်တာကြောင့် ခရစ္စမတ်ကာလနဲ့ နှစ်သစ်ကူးကာလတွေမှာ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ကိုဗစ်ဗိုင်းရပ်စ်ကို ထိန်းချုပ်ဖို့ ခက်ခဲသွားနိုင်မှာဖြစ်တယ်လို့ WHO  ဆက်လက် အသိပေးပါတယ်။