အာဏာသိမ်းပြီး၉လကျော်အတွင်း ပြည်သူ့အိုးအိမ်အဖျက်ခံရမှုနဲ့ နေရပ်စွန့်ထွက်ပြေးရသူ ပိုများ

 

၂၊ နိုဝင်ဘာ၊ ၂၀၂၁။

စစ်အုပ်စုအာဏာသိမ်းပြီး ၉ လကျော်လာချိန်မှာ ပြည်သူတွေရဲ့အိုးအိမ်စည်းစိမ် အဖျက်ဆီးခံရတာနဲ့ နေရပ်စွန့်ခွာထွက်ပြေးရသူ အရေတွက်ပိုများလာတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Florencia Nini- Martinez က ပြောပါတယ်။

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသတွင်း လက်ရှိတိုက်ပွဲတွေကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ဒေသခံ ၃၇ ၀၀၀ လောက် အိန္ဒိယအပါအဝင် ဘေးလွတ်ရာကို အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။ စစ်အုပ်စုအာဏာသိမ်းခဲ့ချိန်ကနေ အခုချိန်အထိ မြန်မာနိုင်ငံတလွှား နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည် ၂၁၉ ၀၀၀ ရှိနေပြီလို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသတွင်း တိုက်ပွဲအရှိန် မြင့်မားလာနေတာအတွက် ကုလသမဂ္ဂက အထူးစိုးရိမ်ကြောင်းလည်းဆိုပါတယ်။

ချင်းပြည်နယ်၊မကွေးတိုင်း နဲ့စစ်ကိုင်းတိုင်းတို့မှာ  စစ်အုပ်စုနဲ့ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေပိုတိုးလာတာအတွက် ဌာနေကုလသမဂ္ဂအဖွဲ့တွေက စိုးရိမ်နေကြသလို စစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်း အခုလိုဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေ အဖျက်ဆီးခံရတာနဲ့ နေရပ်ရွှေ့ပြောင်းရသူ အရေအတွက် ပိုများလာစေတယ်လို့ ပြောပါတယ်။

အောက်တိုဘာ၂၉ရက်နေ့က ချင်းပြည်နယ်၊ ထန်တလန်မြို့ထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ရှိနေတယ် ဆိုတဲ့ သတင်းတွေကြောင့် စိုးရိမ်ကြောင်းလည်း ပြောပါတယ်။

သက်ဆိုင်ရာအဖွဲ့တွေ အနေနဲ့ တိုက်ပွဲတွေအတွင်း နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကိုလိုက်နာပြီး အရပ်သားတွေကို အကာကွယ်ပေးဖို့လည်း ကုလသမဂ္ဂက ထပ်လောင်းတောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် အရပ်သားတွေ၊ လူသားချင်းစာနာမှု အကူညီပေးနေသူတွေနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ပစ်မှတ်ထား မတိုက်ခိုက်ဖို့ပါ သတိပေးခဲ့ပါတယ်။

Source-VOA