ပြည်သူတွေရဲ့ စပါးခင်းကို ကူသိမ်းပေးနေတဲ့ KNLA

KNUထိန်းချုပ်နယ်မြေမှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူတွေရဲ့ လယ်ယာလုပ်ငန်းခွင်မှာ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် တပ်မဟာ ၆ တပ်ရင်း ၁၈က KNLA တပ်ဖွဲ့ဝင်တွေဟာ စပါးကူရိတ်သိမ်း ကူညီပေးခဲ့ကြတယ်လို့ ကော့ကရိတ်ပွင့်လင်းသတင်းစဉ်မှာ ဖော်ပြထားပါတယ်။

         ပြည်သူတွေဘဝလုံခြုံရေးနဲ့ ပြည်သူ့စည်းစိမ်ဥစ္စာ ကာကွယ်ပေးရတဲ့အချိန်မှာ အသက်ကိုစွန့်ကာကွယ်ပေးပြီး အားလပ်ချိန်တွေမှာ လူထုအကျိုးပြုလုပ်ငန်းတွေကို ကူညီဆောင်ရွက်ပေးခဲ့ကြတာပါ။

စစ်တိုက်တဲ့အချိန်ဆို တိုက်တာပေါ့။ စစ်တိုက်စရာမရှိတဲ့အချိန်ဆို ပြည်သူလူထုစားဝတ်နေရေးအတွက်ကို ကူညီပေးကြတာပါ။ ကျွန်တော်တို့လည်း ပြည်သူထဲကလာတဲ့ ပြည်သူတွေပဲလေ။ နောက်ပြီး ကျွန်တော်တို့တပ်ဖွဲ့ရဲ့မူက ပြည်သူလူထုနဲ့ တစ်သားတည်းရပ်တည်တဲ့မူဖြစ်တယ်၊၊ ပြည်သူလူထုနဲ့အတူ ရပ်တည်မှုနဲ့ပဲ ဘဝကိုရပ်တည်နေကြတာ။ ပြည်သူကကြည်ဖြူနေလို့လည်း ကျွန်တော်တို့တော်လှန်ရေး အနှစ် (၇၀)ကျော်အထိ ရပ်တည်နိုင်တာ”လို့ ကရင်အမျိုးသားလွှတ်မြောက်ရေးတပ်မတော် (KNLA)တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLAဟာ စပါးရိတ်သိမ်းချိန်တွေမှာသာမက လယ်ထွန်ချိန်၊ စပါးစိုက်ချိန်၊ တောင်ယာလုပ်ချိန်နဲ့ မြေပဲစိုက်ချိန်တွေမှာပါ ပြည်သူလူထုရဲ့ စားဝတ်နေရေးအတွက် ဝင်ရောက်ကူညီလုပ်ကိုင်ပေးမြဲဖြစ်ပါတယ်။

Credit- konews