ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီရဲ့ နေအိမ်ကို စစ်အုပ်စုက ချိတ်ပိတ်သိမ်းဆည်း

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီရဲ့ ကျုံပျော်မြို့က နေအိမ်ကို အကြမ်းဖက်စစ်အုပ်စုက ချိတ်ပိတ်သိမ်းဆည်းလိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်အုပ်စုဟာ နေအိမ်တွင်းမှာရှိတဲ့ အဖိုးတန်ပရိဘောဂတွေကိုပါ ယူခွင့်မပေးဘဲ အခုလို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

         “အိမ်မှာက သူ့သားရယ် ချွေးမရယ် ကလေးတွေရယ်ပဲရှိတာ၊ နှစ်ရက်လောက်ရှိမယ် ကျွန်တော်တို့သိတော့ အဖိုးအိမ်ကို ချိတ်ပိတ်သွားတယ်လို့ သတင်းထွက်လာပြီးတော့ မိသားစုတွေ မတွေ့တော့တာ ၊လိုက်မေးမှ ညောင်ပင်သာရပ်ကွက်ထဲမှာ အိမ်ငှားနေနေရတယ်လို့ သိရတာ”လို့ မိသားစုနဲ့ နီးစပ်တဲ့ ကျုံပျော်မြို့ ဒေသခံတစ်ဦးကပြောပါတယ်။

         ဩဂုတ်လအတွင်းက တောတွင်းတစ်နေရာ လက်နက်ကိုင်ဆောင်ပြီး လေ့ကျင့်နေတဲ့ မန်းဂျော်နီရဲ့ သတင်းဓာတ်ပုံတချို့ ထွက်ပေါ်လာအပြီးမှာ စစ်အုပ်စုက မန်းဂျော်နီရဲ့ နေအိမ်နဲ့ အနီးမှာရှိတဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းကို ဝင်ရောက်ရှာဖွေမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒါ့အပြင် မိသားစုတွေကိုလည်း ကျုံပျော်မြို့အတွင်းကလွဲပြီး အသွားလာကန့်သတ်ကာ ခရီးသွားမယ်ဆိုရင် အကြောင်းကြားဖို့ ဖိအားပေးခဲ့ဖူးပါတယ်။

         မန်းဂျော်နီဟာ ကျောင်းဆရာဟောင်းတစ်ဦးဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်စဉ်အချိန်ကတည်းက ပါတီဝင်တစ်ဦးဖြစ်ခဲ့ပြီး ၁၉၉၀အထွေထွေရွေးကောက်ပွဲမှာ ကျုံပျော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲမှာ မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ကျုံပျော်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပါတယ် ။ 

အဲဒီနောက်  ၂၀၁၆ခုနှစ် မတ်လ ၃၀ရက်နေ့ကနေ ၂၀၁၈ခုနှစ် ဇန်နဝါရီလ ၉ရက်နေ့အထိ ဧရာဝတီတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ၊ ၂၀၂၀အထွေထွေရွေးကောက်ပွဲမှာလည်း အမျိုးသားလွှတ်တော် ဧရာဝတီတိုင်း မဲဆန္ဒနယ် အမှတ်(၂) ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံထားရသူပဲဖြစ်ပါတယ်။