မြောင်မြို့နယ် မြစ်ဆုံကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်စီးနင်းပြီး ဒေသခံပြည်သူတစ်ဦးကို ပစ်သတ်ကာ စစ်ဘေးရှောင်ပြည်သူ ၇ဦးကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် ခေါ်ယူသွားတယ်လို ဒေသခံတွေက ပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စုက မြစ်ဆုံကျေးရွာကို အောက်တိုဘာလ ၃၁ရက်နေ့မှာ ဝင်ရောက်စီးနင်းတပ်စွဲကာ ဒီကနေ့ နိုဝင်ဘာလ ၁ရက်နေ့ မနက် ၄နာရီခန့်မှာ တောထဲကို စစ်ဘေးတိမ်းရှောင်နေတဲ့ ဒေသခံပြည်သူတွေကို တောနင်းရှာဖွေ လိုက်လံဖမ်းဆီးခဲ့ပါတယ်။
အခုလို ဖမ်းဆီးစဉ်မှာ စစ်ဘေးရှောင်အမျိုးသားတစ်ဦးကို စစ်အုပ်စုက ပစ်ခတ်ခဲ့ပြီးနောက် အမျိုးသမီး၂ ဦးနဲ့ အမျိုးသား ၅ဦးကို ဖမ်းဆီးသွားကာ အမျိုးသမီး ၂ဦးကို ပြန်လွှတ်ပေးပြီးနောက် အမျိုးသား ၅ဦးကို လူသားဒိုင်းပြုလုပ်ကာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စစ်ဘေးရှောင်တဲ့နေရာကို တောနင်းဝင်ပြီးတော့ ထွက်ပြေးတဲ့ တစ်ယောက်ကို ပစ်သတ်တယ်၊ ၇ယောက်ဖမ်းသွားသွားပြီး အမျိုသမီး ၂ယောက်ကိုတော့ ပြန်လွှတ်ပေးလိုက်တယ်၊ ကျန်တဲ့သူတွေကို သူတို့ ကျောက်ရစ်ကျေးရွာဖက်ကို ပြန်အထွက်မှာ PDFတွေ ပစ်မှာဆိုးလို့လားမသိဘူး လူသားဒိုင်းလုပ်ပြီး ခေါ်သွားတယ်”လို့ ဒေသခံတွေနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
မြောင်မြို့နယ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အင်အားကောင်းတဲ့ မြို့နယ်တစ်ခုဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို မယှဉ်ပြိုင်နိုင်တာကြောင့် ပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးချပြီး စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။