ကျောင်းသားတွေနဲ့ ဆရာတွေကို လူသားတံတိုင်းသဖွယ် အသုံးချလာနိုင်ဖွယ်ရှိတယ်လို့ ပညာရေးဘုတ်အဖွဲ့သတိပေး

အခြေခံပညာကျောင်းတွေကို အဓမ္မဖွင့်လှစ်ဖို့ကြိုးပမ်းနေတာဟာ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးအကျိုး အမြတ်ရှာခြင်းသာဖြစ်တယ်လို့ ရန်ကုန်တောင်ပိုင်းခရိုင်ထိစပ်၄မြို့နယ် ပညာရေးဘုတ်အဖွဲ့တွေက ထုတ်ပြန် လိုက်ပါတယ်။

ခရမ်း၊သုံးခွ၊သန်လျင်နဲ့ကျောက်တန်းပညာရေးဘုတ်အဖွဲ့တွေက ကျောင်းဖွင့်လှစ်တာနဲ့ပတ်သက်ပြီး ဒီကနေ့ မှာပူးတွဲကြေညာချက်ထုတ်ပြန်လိုက်တာပါ။

စစ်အုပ်စုက အခြေခံပညာကျောင်းတွေ ဖွင့်လှစ်နိုင်ဖို့ အတင်းအဓမ္မကြိုးပမ်းနေမှုဟာ ကလေးတွေရဲ့ ပညာရေးအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းလိုတဲ့ စိတ်စေတနာမှန်ကြောင့် မဟုတ်ဘူးလို့ ဆိုပါတယ်။

စစ်အုပ်စုအနေနဲ့  နိုင်ငံတကာမျက်နှာစာမှာ အရာမဝင်အရေးနိမ့်နေတာတွေ၊ ဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုတွေ ၊ မြေပြင်သပိတ်တိုက်ပွဲတွေ ၊  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ခုခံတော်လှန်ရေးတွေ၊စတာတွေကြောင့်  အဖက်ဖက်က ရှုံးနိမ့်နေမှုတွေကို အဖတ်ဆယ်နိုင်ဖို့နဲ့ နိုင်ငံရေးအကျိုးအမြတ်အတွက် ယန္တရားလည်ပတ် နိုင်ဖို့သာ ကြိုးပမ်းနေတာလို့ ဆိုပါတယ်။

ဒါ့အပြင် ကျောင်းသားတွေနဲ့  ဆရာတွေကို  လူသားတံတိုင်းလို  အသုံးပြုလာနိုင်ဖွယ်ရှိတာကို  ဆင်ခြင်သတိပြုပြီး အကြမ်းဖက်စစ်အုပ်စုနဲ့ လုံးဝပူးပေါင်း ဆောင်ရွက်ခြင်းမပြုလုပ်ကြဖို့ တိုက်တွန်း ထားပါတယ်။

‘ဒီနေ့အခြေအနေကတော့ ကျောင်းတက်သူမရှိသလောက်ရှားတဲ့အတွက် အားရပါတယ်။နောက်ရက်တွေ မှာလည်း ကျွန်မတို့ စုပေါင်းအင်အားနဲ့တောင့်ခံနိုင်ဖို့လိုပါတယ်။ဘယ်သူမှ ကျောင်းမတက်ဖို့ လိုပါတယ်’ လို့ သုံးခွမြို့ခံတစ်ဦးကပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုက ခိုင်းစေတာကို မပြုလုပ်လိုတဲ့ ပညာရေးဝန်ထမ်း တွေအနေနဲ့ အခြေခံပညာကျောင်းတွေ ဖွင့်လှစ်ရေးကြိုးပမ်းမှုမှာ လုံးဝမပူးပေါင်းဘဲ ပြည်သူ့ရင်ခွင်ခိုလှုံလိုပါက  သီးသန့်မှတ်တမ်းပြုစုပြီး အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပညာရေးဝန်ကြီးဌာနဆီ ပေးပို့အစီရင်ခံတင်ပြပေးသွားမယ်လို့လည်း ကြေညာချက်မှာဖော်ပြထားပါတယ်။

CDMဝန်ထမ်းတွေကို  ဖိအားပေးဆွယ်တရားဟောခြင်း နဲ့ CDMဝန်ထမ်းတွေကို တစ်စုံတစ်ရာထိခိုက်စေအောင်လုပ်တဲ့ အရာထမ်း၊အမှုထမ်းတွေကို စာရင်းပြုစုပြီး အရေးယူသွားမယ်လို့လည်း သိရပါတယ်။