စစ်ကိုင်းတိုင်း ၊ ထီးချိုင့်မြို့နယ်နဲ့ အင်းတော်မြို့နယ်ကြား မင်းဝံတောင်ကြော ဂွေးပင်တောင် အတက်လမ်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ကားတစ်စီးတိမ်းမှောက်ခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က အောက်တိုဘာလ ၃၁ရက်နေ့ ညပိုင်းမှာ ထီးချိုင့်မြို့ကနေ အင်းတော်မြို့ကို စစ်ကြောင်းပြောင်းရွေ့လာတဲ့ စစ်အုပ်စုရဲ့ မော်တော်ယာဉ် ၃စီးထဲမှ တစ်စီးဟာ ဂွေးပင်တောင်အတက်မှာ တိမ်းမှောက်ခဲ့တာဖြစ်ပြီး ယာဉ်ပေါ်လိုက်ပါလာတဲ့ စစ်အုပ်စုဝင် ၄၀ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
“ဒီမနက် ထီးချိုင့် ဆေးရုံမှာ စစ်ကားတွေ အများကြီးတွေ့လို့ ဘာဖြစ်တာလဲ လိုက်မေးကြည့်မှ ညက တောင်အတက်မှာ ဘေးပြုတ်ကျပြီး ကားမှောက်လို့ စစ်သားတွေ ဆေးရုံရောက်နေတာလို့ ကြားတယ်၊ ဆေးရုံပေါ်မှာ ၁၀ယောက်ကျော်ကျော် တင်ထားရပြီး ဒဏ်ရာနည်းတဲ့သူတွေကတော့ သူတို့ပြန်ခေါ်ထားတယ်ကြားတယ်”လို့ ထီးချိုင့်ဒေသခံတစ်ဦးကပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက စစ်ရေးအရှိန်တွေ မြှင့်တင်နေပြီး စစ်ကြောင်းအပြောင်းအရွေ့တွေ နေ့စဉ်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။