မြန်မာနိုင်ငံအနှံ့ မင်းအောင်လှိုင်ထောက်ခံပွဲတွေ ပြုလုပ်နေတာဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ စိတ်မလုံခြုံမှု ကို ဖော်ပြနေတာလို့ ရန်ကုန်မြို့နေ အငြိမ်းစား တပ်အရာရှိကြီးတစ်ဦးက ပြောပါတယ်။
အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ အောက်တိုဘာ၂၅ရက်နေ့ကစပြီး မြို့ကြီးတွေမှာ မင်းအောင်လှိုင်နဲ့ စစ်အုပ်စုထောက်ခံရေး ၊ CRPH ၊ NUG ဆန့်ကျင်ရေးနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတွေကို ဆန့်ကျင်တဲ့ အကြောင်း စစ်အုပ်စုအနွယ်တွေဖြစ်တဲ့ စစ်မှုထမ်းဟောင်း ၊မဘသ ၊ ကြံ့ဖွံ့နဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေကို ပြုလုပ်ခိုင်းနေတယ်လို့ သတင်းတွေထွက်ပေါ်လာနေပါတယ်။
‘ဘယ်သူမှ မယုံတဲ့ထောက်ခံပွဲကြီးပါ။ဘယ်သူမှမယုံမှန်းလည်းစကစ ကသိပါတယ်။သိရက်နဲ့ ဘာလို့ ငွေအကုန်ကျခံပြီး ထောက်ခံပွဲတွေ လုပ်နေသလဲဆိုတော့ သူတို့ရဲ့စိတ်မလုံခြုံမှုကို ဖာထေးဖို့ ကိုယ်ယုံအောင် ကိုယ်လုပ်တဲ့ပွဲပါ’လို့ သူကပြောပါတယ်။
ပြည်သူ့ရင်ခွင်ခိုလုံတဲ့တပ်မတော်သားတဖြည်းဖြည်းများလာသလို ဒေသတွင်းအာဆီယံအသင်းကြီးကပင် စစ်ခေါင်းဆောင်တွေကို လက်မခံတဲ့အပေါ် စစ်တပ်တွင်း အောက်ခြေတပ်မိသားစုတွေက သိရှိနေတဲ့အတွက် သူတို့ကိုထောက်ခံသူရှိတဲ့အကြောင်း ပြသလိုတာဖြစ်တယ်လို့ သိရပါတယ်။
‘ပြောရရင်တော့ သွေးရူးသွေးတန်းဖြစ်နေတာ။သူတို့အော်ခိုင်းတဲ့လူတွေက CRPH ကိုလည်းမှန်အောင်မအော် နိုင်၊NUG ကိုလည်း ဘာမှန်းမသိပဲ ကိုးရိုးကားရားတွေအော်တဲ့ဟာလူမှုကွန်ရက်ပေါ်ပျံ့လာတော့ ရယ်စရာဖြစ် ကုန်ရော။အခုလည်းနောက်ထပ်ကြားနေတာက နေ့စားနဲ့ထောက်ခံပွဲခေါ်ပြီး ငွေအပြည့်မပေးလို့ ပြဿနာ တက်တာ နေရာတိုင်းလိုလို ကြားနေရတယ်’လို့ မုံရွာမြို့နေ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးကပြောပါ တယ်။
အောက်တိုဘာ၃၁ရက်မနက်ပိုင်းက ပဲခူးတိုင်း၊သာယာဝတီမြို့မှာ စစ်တပ်ထောက်ခံပွဲပြုလုပ်ခဲ့ရာ တစ်ယောက်ကို ကျပ်တစ်သောင်းခွဲပေးမယ်လို့ဆိုကာ ခေါ်ယူခဲ့ပြီးနောက် တချို့ကို ကျပ်တစ်သောင်းသာပေး တဲ့အတွက် ပြဿနာတက်ကြသေးတယ်လို့ DVBသတင်းဌာနက ဖော်ပြပါတယ်။
သာယာဝတီမြို့ခံအမျိုးသမီးတစ်ဦးက ‘တကယ်ပြဿနာဖြစ်ခဲ့တာလို့ ကျွန်မတို့သိရတယ်။ဒါပေမဲ့ တပ် ထောက်ခံပွဲက ဘယ်ကလူတွေနဲ့လုပ်သလဲတော့မသိဘူး။သာယာဝတီမြို့ခံတွေကို သိပ်မတွေ့ရဘူး။ပိုက်ဆံ ကိစ္စကတော့ ဟိုးအရင်ကတည်းက သူတို့လုပ်နေကျပါ။လုပ်လို့ရတဲ့လူကို ပိုက်ဆံပေးရမယ့်တာဝန်ခံတွေက ၅၀၀၀ဖြတ်စားတာပါ။’လို့သူကပြောပါတယ်။