မြန်မာအကြမ်းဖက်စစ်အုပ်စုက ချင်းပြည်နယ်အတွင်း မီးရှို့တိုက်ခိုက်မှုကို ရှုတ်ချကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက က ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က အောက်တိုဘာလ ၃၁ ရက်မှာ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တာပါ။
အကြမ်းဖက်စစ်အုပ်စုဟာ ချင်းပြည်နယ်အတွင်း ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လတ်တလော ကျူးလွန်နေတာကိုကြည့်ရင် မြန်မာစစ်တပ်ကို လက်နက်မရအောင်လုပ်ဖို့ အပါအဝင် မြန်မာစစ်အုပ်စုကတာဝန်ခံ မှု၊တာဝန်ယူမှု ရှိလာအောင်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မလုပ်နိုင်အောင် နိုင်ငံတကာ အသိုင်းအဝိုင်းက အရေးတကြီး လုပ်ဆောင်ဖို့ လိုနေပြီဆိုတာ ပြသနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ချင်းပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးဝါးဝါး ကျူးလွန်နေတဲ့အတွက် အမေရိကန်က အထူးစိုးရိမ်တယ်လို့ဆိုသလို မြန်မာစစ်အုပ်စုဟာ ကိုယ့်ပြည်သူတွေရဲ့ ကောင်းကျိုးနဲ့ အသက်အန္တရာယ်ကို လုံးဝထည့်မတွက်ဘဲ ပြည်သူတွေကိုရော သူတို့ရဲ့ နေအိမ်တွေနဲ့ ကိုးကွယ်ဆုတောင်းရာ နေရာတွေကို ရက်ရက်စက်စက် ဖျက်ဆီးနေတဲ့အပေါ် ရှုတ်ချကြောင်း လည်းပြောပါတယ်။
မြန်မာစစ်အုပ်စုအနေနဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပစ်ဖို့၊ မတရားဖမ်းဆီးထားသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လျှောက်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။
စစ်တပ်က ဆက်လက်ကျူးလွန်နေတဲ့ ဆိုးဝါးတဲ့ အကြမ်းဖက်မှုတွေအတွက် တာဝန်ခံမှုရှိအောင် အမေရိကန်နိုင်ငံက ဆက်လက်လုပ်ဆောင်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။
အောက်တိုဘာ၂၉ရက်နေ့က ချင်းပြည်နယ်၊ထန်တလန်မြို့ပေါ်က ပြည်သူတွေရဲ့နေအိမ်ကို အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးတွေ နဲ့ ပစ်ခတ်ခဲ့လို့ ဘုရားရှိခိုးကျောင်း၂ကျောင်းနဲ့ လူနေအိမ် ၁၆၀ ကျော်မီးလောင်ပျက်စီးခဲ့ပါတယ်။
Source-VOA
