၁၊ နိုဝင်ဘာ၊ ၂၀၂၁
မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူဟောင်း အိုဝင် ဟားဂေရေ့ဗ်က မန်ချက်စတာယူနိုက်တက်ကနေပြီး စပါးကို သုံးဂိုး ဂိုးမရှိနဲ့ အနိုင်ယူလိုက်တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တတိယဂိုးသွင်းယူရရှိပြီးတဲ့နောက် ရက်ရှ်ဖို့ဒ် အောင်ပွဲခံလိုက်ပုံက နည်းပြ ဆိုးလ်ရှားကို မကျေမနပ်ဖြစ်ပြီး ဒေါသပေါက်ကွဲနေတာကို ထုတ်ဖော်ပြသလိုက်တာပဲဖြစ်တယ်လို့ အသိပေးလိုက်ပါတယ်။
မန်ယူကနေ စပါးကို ဂိုးပြတ်အနိုင်ယူလိုက်တဲ့ အဲ့ဒီပရီးမီးယားလိဂ်ပွဲစဉ်မှာ ရက်ရှ်ဖို့ဒ်က အရန်အဖြစ်နဲ့သာ ကစားခဲ့ရပြီး ဒုတိယပိုင်းကိုရောက်မှ လူစားဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ပွဲပြီးခါနီး မိနစ် ၂၀ အလိုကိုရောက်မှ စီရော်နယ်ဒိုရဲ့နေရာကို လူစားဝင်ရောက် ကစားခဲ့ရတာဖြစ်ပြီး ပွဲကစားချိန် ၈၆ မိနစ်အရောက်မှာတော့ ရက်ရှ်ဖို့ဒ်က အသင်းအတွက် တတိယမြောက်အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ အရန်အဖြစ် ကစားရတာကို မကျေမနပ်ဖြစ်နေကြောင်း သူ့ရဲ့အောင်ပွဲခံဟန်က သက်သေပြနေတယ်လို့ ဟားဂရေ့ဗ်က မှတ်ချက်ပေးသွားခဲ့ပြီး ဒီပွဲမှာ ထိပ်တန်းအဆင့် တိုက်စစ်မှူးတွေဖြစ်တဲ့ ကာဗာနီနဲ့ စီရော်နယ်ဒိုကို တွဲဖက်နေရာပေးတာက လုံးဝကို မှန်ကန်တဲ့လုပ်ရပ်လို့လည်း ဟားဂရေ့ဗ်က ထောက်ခံသွားခဲ့ပါတယ်။
“ရက်ရှ်ဖို့ဒ်ရဲ့အောင်ပွဲခံဟန်က အရန်အဖြစ် ကစားရတာကို သူမကျေနပ်ဘူးလို့ ထုတ်ဖော်ပြသနေတာ မြင်နိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်ရှေ့မှာ ကမ္ဘာကျော် ဂန္ထဝင် နှစ်ယောက်ရှိနေရင် သူတို့ကို ကျော်ပြီး ပွဲထွက်ခွင့်ရဖို့ ခက်တယ်ဆိုတာကို နားလည်အောင် ရှင်းပြဖို့က အရမ်းကို ခက်တဲ့အနေအထားပါ။ စီရော်နယ်ဒိုကို ပွဲထွက်လူစာရင်းကနေ ချန်ထားခဲ့ဖို့ဆိုတာဟာ နည်းပြဆိုးလ်ရှားအတွက် ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီလိုပါပဲ။ ကာဗာနီကလည်း သူ့ခြေစွမ်းဟာ ပွဲထွက်ကစားသမားနေရာရဖို့ ထိုက်တန်တယ်ဆိုတာ မနှစ်ကတည်းက ထုတ်ဖော်ပြသပြီးသားပါ။ ကာဗာနီဟာ ပွဲထွက်ကစားသမားဖြစ်ဖို့ ထိုက်တန်သူလို့ ကျွန်တော်ကတော့ ယူဆပါတယ်”လို့ ဟားဂရေ့ဗ်က ပြောသွားခဲ့ပါတယ်။