ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ဟောင်း Bill Richardsonဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ပုဂ္ဂလိကခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို မကြာခင် ရောက်ရှိလာမယ်လို့ သိရပါတယ်။
သူ့ခရီးစဉ်အတွင်း ကိုဗစ်ဆိုင်ရာ အကူအညီပေးရေးကို အဓိကထား ဆွေးနွေးဖို့ရှိပြီး ဘယ်သူတွေနဲ့ တွေ့ဆုံမလဲ ဆိုတာကိုတော့အသေးစိတ် ပြောဆိုတာမျိုး မရှိပါဘူး။
မြန်မာနိုင်ငံကို ကိုဗစ်ကာကွယ်ဆေး ဝေငှပေးနိုင်ဖို့၊ လူသားချင်းစာနာတဲ့နည်းလမ်း ရှာဖွေနိုင်ရေး ဆွေးနွေးမှာဖြစ်သလို ဆေးဝါးအကူအညီပေးရေးနဲ့ ပြည်သူ့ကျန်းမာရေး လိုအပ်ချက်တွေကို ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အခုနောက်ဆုံး ခရီးစဉ်နဲ့ပတ်သက်လို့ Richardson ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ သူ့ရဲ့ မြန်မာနိုင်ငံခရီးဟာ လူထုကျန်းမာရေးအပေါ်မှာသာ အဓိက အာရုံစိုက်ထားတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ အကျပ်အတည်း ဆိုက်နေတဲ့ အခုလိုကာလမှာ တကယ်လိုအပ်နေသူတွေလက်ထဲ လူသားချင်းစာနာတဲ့ အကူအညီတွေ ရောက်ရှိရေးကို လုပ်ဆောင်သွားမှာဖြစ်ကြောင်း သိရပါတယ်။
Bill Richardson ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကလည်း သိရှိကြောင်း Richardson ရဲ့ပြောခွင့်ရ Madeleine Mahony က ပြောပါတယ်။
မစ္စတာ Richardson ဟာမြန်မာနိုင်ငံရဲ့ အာဏာသိမ်းပြဿနာကိုဝေဖန်ပြောကြားခြင်းမရှိပါဘူး။
Bill Richardson ဟာ ရိုဟင်ဂျာပြဿနာကို အကြံပေးဖို့အတွက် မြန်မာနိုင်ငံကို ၂၀၁၈ ခုနှစ်မှာ နောက်ဆုံး သွားရောက်ခဲ့သူ ဖြစ်ပါတယ်။
သူဟာNew Mexico ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်ပါတယ်။
source-VOA