မအလရဲ့ တက်ခေတ် (သရော်စာ)

မတ်၊ ၂၆

(၁)

မကြာမီရက်ပိုင်းအတွင်း သတ်မတော်ကာကွယ်ရေးဦးစီးချုပ် (သတ်ချုပ်) ဗိုလ်ချုပ်မှူးကြီး သူခိုးမဟာသရေစည်သူ သူခိုးသီရိသုဓမ္မ မအလဦးစီးသည့် သတ်မတော်၏ နေ့ထူးနေ့မြတ်ကြီးတစ်ခုကို ရောက်ရှိတော့မည်။

ဒီအတွက် သတ်ချုပ် သူခိုး မအလ(မှတ်ချက် – ဘွဲ့များရှည်၍ အကျဉ်းချုံ့ထား)နှင့် တပည့်ကျော် ဇော်မဲလုံးတို့ ခေါင်းချင်းဆိုင်၍ လက်ဝါးချင်းရိုက်နေကြသည်။ ထိုသို့ဆိုင်ပြီး ရိုက်နေကြသည့်အကြောင်းက ထို “သတ်မတော်နေ့” တွင် သတ်ချုပ် သူခိုး မအလပြောကြားမည့်မိန့်ခွန်းအတွက် ဖြစ်သည်။

“ရဲဘော်တို့ … အကျယ်ချဲ့ပြီး ရှည်ရှည်မပြောချင်ဘူး … ”

လက်ထဲရှိစာရွက်ကိုကြည့်ကာ အသံကျယ်ကျယ်ရွတ်ဖတ်လိုက်ပြီးနောက် သူ့အရှေ့တွင် သတိဆွဲလျက် အသင့်ရှိ နေသော ဇော်မဲလုံးအား သတ်ချုပ် သူခိုး မအလတစ်ယောက် တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် မိန့်ခွန်း ပြောသည့် အသံနေအသံထားဖြင့်ပင် စာကို ဆက်ဖတ်သည်။

“ရဲဘော်တို့ … အကျယ်ချဲ့ပြီး ရှည်ရှည်မပြောချင်ဘူး။ အခု စစ်မြေပြင်ကို ထွက်ရမယ်။ ဆင်းရဲမယ်၊ ငတ် … ငတ် … ငတ်”

လက်ထဲရှိစာရွက်ကိုငုံကြည့်ကာ အသံကျယ်ကျယ်ဖြင့်ရွတ်ဖတ်နေသော အနှီသတ်ချုပ် သူခိုး မအလကြီးက ဇော်မဲလုံးကို ကြည့်ပြန်သည်။ ထို့နောက် စကားဆို၏။

“နေစမ်းပါဦး ဇော်မဲလုံးရဲ့ ဒီမိန့်ခွန်းစာသားတွေက ငါကြားဖူးနေသလိုလို၊ သိဖူးနေသလိုလို ရှိတယ်နော်”

“သြော် … ကြားဖူး၊ သိဖူးမှာပေါ့ အဘရယ်။ အဲဒါ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တပ်ထွက်မိန့်ခွန်းကြီးပဲဟာ”

“ဟ … ဒါဆို ငါ့ကို ဘာလို့ လာဖတ်ခိုင်းနေတာတုန်း”

“ဟမ် … အဘပဲ ဂုဏ်သိက္ခာကြီးမြင့်တဲ့ မိန့်ခွန်းတစ်ခုလိုချင်တယ်ဆိုလို့လေ”

ဇော်မဲလုံး၏ တုံ့ပြန်စကားကို ကြားပြီးနောက် သတ်ချုပ် သူခိုး မအလလည်း အသာငြိမ်သွားကာ စာရွက်ကို ပြန်ကြည့်သည်။

“ဒီလိုတော့လည်း ဖတ်လို့၊ ပြောလို့ မဖြစ်သေးဘူးလေ။ တော်ကြာ င့ါကို တိုင်းပြည်မှာရှိသမျှ ထဘီစုတ်ပါမကျန် ခိုးရုံတင်မက ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းပါခိုးတယ်ဆိုပြီး ထပ်ပြီးထုကြ၊ နှက်ကြ၊ ဆဲကြမှဖြင့်ကွယ်။ သွား … သွား နောက်တစ်စောင် ပြန်ရေးလာခဲ့။ ဒီတစ်ခါ ဂုဏ်သိက္ခာဆိုတာထက် ဖြစ်ရပ်မှန်ကိုသာ အခြေခံရေးခဲ့။ ဘာလုပ်လုပ် အမှန်တရားကို ချပြတာပဲကောင်းတယ် မဟုတ်လား။ ပွင့်လင်းမြင်သာရှိတာပေါ့”

သတ်ချုပ် သူခိုး မအလ၏စကားဆုံးသည်နှင့် ဇော်မဲလုံးတစ်ယောက် “သတ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး သူခိုးမဟာသရေစည်သူ သူခိုးသီရိသုဓမ္မ” ဟု စာရေးထွင်းထားသောအခန်းထဲမှ ခပ်မြန်မြန်ထွက်လာခဲ့ တော့သည်။

တစ်နာရီခန့်ကြာပြီးနောက် ထိုအခန်းထဲသို့ ဇော်မဲလုံးတစ်ယောက် ခပ်သုတ်သုတ်ပြန်ဝင်သွားသည်။ သတ်ချုပ် သူခိုး မအလ၏ စားပွဲရှေ့အရောက် အလေးပြုသည်။ လက်ထဲမှစာရွက်အား သတ်ချုပ်ထံ ကမ်းပေးသည်။ သတိဆွဲ လျက်နေသည်။ သတ်မတော်သားတစ်ယောက်၏ လုပ်နည်းလုပ်ဟန်များ အပိုအလိုမရှိ ကွက်တိ။ သတ်ချုပ် သူခိုး မအလက ကမ်းပေးလာသော စာရွက်အားဖြန့်ကာ အသံကျယ်ကျယ်ထွက်၍ ဖတ်ပြန်သည်။

“ရဲဘော်တို့ … အကျယ်ချဲ့ပြီး ရှည်ရှည်မပြောချင်ဘူး။ အခု စစ်မြေပြင်ကို ထွက်ရမယ်။ ဆင်းရဲမယ်၊ ငတ်မယ်။ ခြင်းကြား ထမ်းရမယ်၊ အာကာထွန်းနဲ့ နှစ်ပါးသွားရမယ်။ မင်းတို့ အရှေ့မှာ မင်းတို့ရဲ့နောင်တော်၊ ညီတော်တွေ ငါ့အတွက် အသက်ပေးလှူခဲ့ပြီးဖြစ်တယ်။ မင်းတို့လည်း ရှေ့မှာ မုန့်ဟင်းခါး ပွဲသေး၊ ပွဲကြီး၊ ရှယ်ပွဲတွေနဲ့ ကြုံတွေ့ ကြရမယ်။ မတွန့်ဆုတ်ကြပါနဲ့။ ‘ငါမသေ ငါ့စခန်း မကျစေရ’ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို ကျောပေးလို့ သုတ်ခြေတင် ပြေးတဲ့ အဖြစ်မျိုး၊ ‘ငါ့လက်နက် မပါစေရ၊ ငါ့စခန်းမကျစေရ’ဆိုတဲ့ ဆိုင်းဘုတ်ကြီး ဘေးချ နောက်ကျ ခြေထောက် သစ္စာဖောက်ဆိုပြီး ပြေးတဲ့အဖြစ်မျိုး၊ ကတုတ်ကျင်းထဲထိ တက်ပြီး ပစ်သတ်ခံလိုက်ရတဲ့အဖြစ်မျိုးတွေ ထပ်မဖြစ် ပါစေနဲ့။ ‘ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲကြွ’ဆိုတဲ့ ငါတို့ရဲ့ လက်သုံးစကား … ကား … ကား”

ရွတ်ဖက်နေသောစာကို ရပ်ကာ သတ်ချုပ် သူခိုး မအလ အလိုမကျသည့်မျက်နှာဖြင့် ဇော်မဲလုံးအားကြည့်ကာ စကားဆိုပြန်သည်။

“မင့် မိန့်ခွန်းက မဟုတ်သေးဘူးနဲ့ တူတယ်နော်။ ဘာလဲ ခြင်းကြားထမ်း၊ ဘာလဲ အာကာထွန်းနဲ့ နှစ်ပါးသွား၊ ဘာလဲ ငါ့အတွက် အသက်ပေးလှူ၊ ဘာလဲ မုန့်ဟင်းခါး ပွဲကြီး၊ ပွဲသေး၊ ဘာလဲ ငါမသေအောင် ငါ့စခန်းထားပြေး၊ ဘာလဲ ငါလည်းသေ ငါ့စခန်းလည်းကျ၊ ဘာလဲ ရဲရဲတိုက်၊ ရဲရဲကြွ။ လင်းစမ်းပါဦး ငမဲလုံးရဲ့”

သတ်ချုပ် သူခိုး မအလထံမှ စကားတို့သည် ယခုတော့ ဒေါသသံများ စွက်၍ လာချေပြီ။

“ဒီ … ဒီလိုပါ အဘ။ အဘပဲ စောစောကပြောတော့ ဂုဏ်သိက္ခာဆိုတာထက် ဖြစ်ရပ်မှန်ကိုအခြေခံပါ။ အမှန်တရား ကို ချပြတာပဲကောင်းတယ်။ ပွင့်လင်းမြင်သာရှိတယ်ဆို။ အာ့ကြောင့် အခုလို ရေးလာခဲ့ရတာပါအဘ။ ဖြစ်ရပ် ကတော့ အမှန်ပါပဲ။ အမှန်တရားကတော့ အမှန်တရားပါပဲ။ အဘမကြိုက်ရင်လည်း ကျွန်တော် ပြင်လိုက်ပါ့မယ်။ ကျန်တာလေးတွေ အဆင်ပြေ၊ မပြေ ဆက်ဖက်ကြည့်ပေးပါ အဘ”

ဇော်မဲလုံး၏ စကားအဆုံးတွင် သတ်ချုပ် သူခိုး မအလလည်း စာကို ဆက်ဖတ်၏။

“ငါတို့ရဲ့ လက်သုံးစကားကို အစဉ်နှလုံးသွင်းပါ။ ရဲဘော်တို့ဟာ ငါမွေးဖွားပေးထားသူများပီပီ ငါရဲ့ ကိုယ်ကျိုး စီးပွားကို ကာကွယ်ပေးကြဖို့ အပြည့်အဝတာဝန်ရှိတယ်။ အထူးသဖြင့် ငါနဲ့ ငါ့သား၊ ငါ့သမီးတို့ပိုင်ဆိုင်တဲ့ ဆေးရုံ တွေ၊ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေ၊ ကုမ္ပဏီတွေ စတဲ့စီးပွားရေးလုပ်ငန်းစုတွေကို အရင်ထက်ပိုပြီး စောင့် ကြည့်ကာကွယ်ပေးကြဖို့ဖြစ်တယ်။ ငါနဲ့ ငါ့မိသားစု ပိုင်ဆိုင်မှုစာရင်းဟာ များပြားလွန်းတဲ့အတွက် ဒီမိန့်ခွန်းမှာ အချိန်မဖြုန်းချင်တာကြောင့် ထည့်မပြောတော့ဘူး။ ရဲဘော်တို့ထံ ပရင့်ထုတ် မိတ္တူပွားပြီး ဝေထားပြီးဖြစ်တယ်။ ရဲဘော်တို့ထံ မကြာမီရောက်လာဖို့ရှိတယ်။ ရဲဘော်တို့ အဲဒီစာရင်းထဲပါတဲ့ ဉစ္စာပစ္စည်းတွေကို တစ်လက်မမှ အစွန်းအထင်း၊ အထိအခိုက်မခံရအောင် ကာကွယ်ကြ၊ စောင့်ရှောက်ကြပါ။ ငါနဲ့ ငါမိသားစု အကျိုးစီးပွားကို ကာကွယ်ကြ။ ဒါကို အန္တရာယ်ပြုမယ့်သူမှန်သမျှ ရှာပြီးတိုက်ကြ…ကြ…ကြ”

သတ်ချုပ် သူခိုး မအလတစ်ယောက် စာကိုပင်ဆုံးအောင် မဖတ်တော့ဘဲ အနားရှိခွေးခြေခုံကို ဆွဲကာ ဇော်မဲလုံးထံ ပစ်ပေါက်လိုက်ပြီးနောက် –

“သွား … အခုချက်ချင်းသွား။ အခုချက်ခြင်း ပြန်ပြင်လာခဲ့။ မှန်တယ်ဆိုတာ မှန်တိုင်းမကောင်းဘူးကွ ငမဲလုံးရ။ ငါပြောတဲ့အမှန်တရားဆိုတာ ဒီလိုအမှန်တရားကိုပြောတာမဟုတ်ဘူးကွ။ ငတုံးရ”

သတ်ချုပ် သူခိုး မအလ၏ စကားများပင် မဆုံးလိုက် ဇော်မဲလုံးလည်း ပြုကျင့်နေကျအတိုင်း အခန်းတွင်းမှ ပြေးထွက်သွားခဲ့လေတော့သည်။

(၂)

ဤသို့ဖြင့် ‘သတ်မတော်နေ့’သို့တိုင် ရောက်ရှိလာခဲ့ချေပြီ။

အဆိုပါသတ်မတော်နေ့ကျင်းပရာ စစ်ရေးပြကွင်းထဲတွင် သရုပ်ပြ၊ အလှပြသတ်မတော်သားများက မိမိတို့ သက်ဆိုင်ရာ စစ်ကြောင်းများအလိုက် အကွက်များ၊ အခင်းများဖော်ကာ သရုပ်ပြ၊ အလှပြခြင်းအမှုဖြင့် စစ်ရေးပြကြ သည်။

ထိုသို့စစ်ရေးပြကြသည့် သတ်မတော်သားတို့၏ ညာဘက်လက်ထဲတွင် မီးတုတ်များကိုင်လျက်၊ ဘယ်ဘက်လက် ထဲတွင်တော့ ခိုးရာပါပစ္စည်းတို့ကို ကိုင်လျက် ညီညာစွာချီတက်လမ်းလျှောက်သရုပ်ပြကာ သူတို့၏ ဦးစီးခေါင်း ဆောင် သတ်ချုပ် သူခိုး မအလကို အလေးပြုကြသည်။

ထိုစစ်ရေးပြကွင်းထဲသို့ ရောက်လာသူများထဲတွင် တချို့က ချိတ်ထဘီကိုဝတ်ထားကြ၏။ တချို့က အာကာထွန်း ဘောင်းဘီများ ဝတ်ထားကြ၏။ တချို့က ခြင်းကြားထမ်းထားကြ၏။ ရှေ့တန်းမှ ကမန်းကတန်း ပြန်လာကြ၊ ပြေးလားကြဟန်တူသည်။ တချို့ကတော့ မိတ်ကပ်များ အဖွေးသားဖြင့်ဖြစ်သည်။ ထိုသူတို့သည်ကား သတင်းညာ ရှင်းလင်းပွဲ၊ ဖဲကြိုးဖြတ်ပွဲ၊ တွေ့ဆုံပွဲများမှ အချိန်မီ ပြေးလာကြဟန်တူသည်။ မပြေး၍လည်းမရ အချိန်မီရောက် မလာနိုင်ပါက ဖက်ထိပ်ဖြင့် တိုးပေမည်။

သတ်မတော်သားတို့ စစ်ရေးပြကြပြီး မကြာမီ စစ်ရေးပြကွင်းနေရာအနှံ့၌တပ်ဆင်ထားသော လော်စပီကာ၊ ဆောင်း ဘောက်များထံမှ “တွီ…တွီ…တွီ…ကျွီ…ကျွီ…ကျွီ”ဆိုသော အသံထွက်ပေါ်လာသည်။ ထိုအသံနှင့်အတူ မရှေးမ နှောင်းပင် စကားပြောစင်ပေါ်တွင် ဦးခေါင်းသာပေါ်ရုံရှိသော သတ်ချုပ် သူခိုး မအလက ‘သတ်မတော်နေ့’ မိန့်ခွန်းကို စပြောလေပြီ။

“ရဲဘော်တို့ … အကျဉ်းချုံ့ပြီး တိုတိုမပြောချင်ဘူး”

ထိုအသံကို ကြားသူတိုင်း နားမလည်နိုင်သော မျက်နှာပေးများဖြင့် မျက်လုံးကလေးများ ကလည်ကလည် ဖြစ်သွား တော့သည်။ လွတ်လပ်ရေးဗိသုကာကြီး၊ အမျိုးသားခေါင်းဆောင်ကြီး၊ နိုင်ငံ့ဖခင်ကြီးဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း ၏ ပြောင်မြောက်လှသော ‘တပ်ထွက်မိန့်ခွန်း’၏ အစချီစကားနှင့် ဆန့်ကျင်ဘက်ဖြစ်နေသောကြောင့်ဖြစ်၏။

မိန့်ခွန်းများမှားပေးသလားဟူသော အသိဖြင့် သတ်မတော်ထိပ်ပိုင်းအရာရှိကြီးများက မိမိတို့အနောက်နားတွင် ကျုံ့ကျုံ့ကလေးထိုင်နေသော ဇော်မဲလုံးထံ အကြည့်တို့ဖြင့် စကားလှမ်းပြောသည်။ ဇော်မဲလုံးသည်ကား ထိုအ ကြည့်များ ရောက်လာခါမှပင် ခါးကိုမတ်၊ မျက်နှာကြောကို တင်းကာ ‘ငါသိတယ်။ မင်းတို့ ထင်တာ မဟုတ်ဘူး။ စောင့်ကြည့်’ ဆိုသော အမူအရာကို ပြလိုက်သည်။

“ရဲဘော်တို့ … အခုငါတို့ နိုင်ငံ့အာဏာကို ရယူခဲ့တာဟာ နှစ်နှစ်ကျော်လာခဲ့ပေပြီ။ ဒီကာလအတွင်း တိုးတက်မှုများ စွာကိုလည်း ငါတို့လက်ဝယ်ပိုင်ပိုင် ရရှိခဲ့ကြပေပြီ။ ငါတို့လက်ထဲမှာ ဒေါ်လာစျေးတွေ တိုးတက်ခဲ့တယ်။ ရွှေစျေးတွေ အဆမတန်တိုးတက်ခဲ့တယ်။ အထွေထွေကုန်စျေးနှုန်းသည်လည်း လှမ်းမျှော်မကြည့်နိုင်အောင်တောင် တိုးတက် သွားခဲ့ပေတယ်။ လျှပ်စစ်မီးဝန်အားလျှော့ချမှုမှာလည်း များစွာတိုးတက်ခဲ့ပေတယ်။ ဒါဟာ ဘယ်သူမှ လာငြင်းလို့ မရတဲ့ အမှန်တရားစစ်စစ်တွေပဲ။ တိုးတက်မှုတွေပဲ။ အဲဒီတိုးတက်မှုတွေထဲ ရန်ကုန်က YBS တွေလည်း အပါအဝင် ဖြစ်တယ်။ CNG မရလို့ ကားထွက်နည်းတာကြောင့် စီးသူတွေ တိုးဝှေ့စီးနေရတယ်ဆိုတာ ကြားသိရတယ်။

“ရဲဘော်တို့ … အဲဒီ ငါတို့လက်ဝယ်ကာလအတွင်း အထင်ရှားဆုံးတိုးတက်မှုကတော့ လျှပ်စစ်မီးမရှိတဲ့နိုင်ငံမှာ လျှပ်စစ်ကားတွေ ပြေးဖို့ စီမံနိုင်ခဲ့တာပဲ။ အခုဆိုရင် အဲဒီကားတွေအတွက် အားသွင်း Charging Station တွေ တပ်ဆင်နေပြီဖြစ်တယ်။ အဲဒီ Station တွေမှာ အားလာသွင်းရင် တစ်ယူနစ် ကျပ် ၄၀၀ နဲ့ အားအပြည့် သွင်းမယ်ဆို အနိမ့်ဆုံးကျပ်သုံးသောင်းကျော်ကျသင့်မှာဖြစ်လို့ တိုင်းပြည်အတွက် ဝင်ငွေရလမ်းကောင်းတဲ့ စီမံချက်တစ်ခုကို ဖော်ဆောင်လိုက်နိုင်တာလည်းဖြစ်တယ်လို့ ဂုဏ်ယူစွာပြောကြားလိုတယ်။ ဒါဟာလည်း တိုးတက်မှုတစ်ခုပဲ။

“ရဲဘော်တို့ … ဒီနေရာမှာ စီနီယာကြီး အဘသန်းရွှေ ဖော်ဆောင်ခဲ့တဲ့ CNG ဓာတ်ငွေ့ရောင်းရငွေတွေနဲ့ ယှဉ်ကြည့် စေလိုတယ်။ အားသွင်းချိန်ဟာလည်း အနည်းဆုံးလေး-ငါးနာရီလောက်ကြာမြင့်မှာဖြစ်လို့ CNG တန်းစီရတာထက် လည်း အချိန်ပိုတိုးမြှင့်ကြာရှည်သွားမှာဖြစ်တယ်။ အခု ငါတို့ လျှပ်စစ်ကားတွေ အားသွင်းကြာချိန်ဟာ CNG ထက် ၁၀ ဆမက ကြာလိမ့်မယ်။ အားသွင်းချိန် သုံးလေးနာရီကြာမှာဖြစ်ပြီး အဲဒီအားသွင်းဖို့ တန်းစီစောင့်စားချိန်က အနည်းဆုံး ၁၀ နာရီကြာမယ်။ ဒီတော့ တန်းစီ၊ အားသွင်းဆိုတဲ့အချိန်တွေနဲ့တင် နေ့တစ်နေ့ကို ကုန်ဆုံးစေလိမ့်မယ်။ ဒီတော့ လမ်းပေါ်မှာ သွားလာနေမယ့် စွမ်းအင်ကုန်ကျမှုတွေ၊ ယာဉ်ကြောကျပ်တည်းမှုတွေကိုပါ ဖြေလျှော့ပြီးသား ဖြစ်လိမ့်မယ်။ ဒါဟာလည်း ငါတို့ဖန်တီးဖော်ဆောင်ခဲ့တဲ့စီမံကိန်းတွေထဲက ကြီးမားတဲ့တိုးတက်အောင်မြင်မှုကြီး တစ်ခုဖြစ်တယ်”

‘ရဲဘော်တို့’၊ ‘ရဲဘော်တို့’ဆိုသော စကားကို ခေါ်ကာခေါ်ကာဖြင့် သတ်ချုပ် သူခိုး မအလ မိန့်ခွန်းခြွေခဲ့သည်မှာ နံနက် ဝေလီဝေလင်းမှ နေမွန်းတည့်ချိန်သို့ တိုင်ရောက်ခဲ့၏။ စစ်ရေးပြကွင်းထဲရှိသူတို့သည်လည်း အိပ်ငိုက်သူကငိုက်၊ အတင်းပြောသူကပြော၊ အမျက်ထွက်သူကထွက်ဖြစ်နေကြချေပြီ။

ထိုသို့အားရအောင်ပြောကြားပြီးနောက် သတ်ချုပ် သူခိုး မအလသည် သူ၏ မိန့်ခွန်းအား အဆုံးသတ်ကာ စကား ပြောစင်မှ ခွာလိုက်သည်။ တစ်လှမ်း…နှစ်လှမ်း…သုံးလှမ်း။ သုံးလှမ်းမြောက်ခြေကို လှမ်းမည်ပြုပြီးမှ တုံ့ခနဲ ရပ်တန့် ကာ စကားပြောစင်ဆီသို့ ပြန်လည်ချဉ်းကပ်လာသည်။ တန်းဖြုတ်ရန် ပြင်နေသူများလည်း သတိအနေအထား ပြန်နေလိုက်ကြသည်။ ထို့နောက် မိုက်ခရိုဖုန်းအား မမှီ့တမီဖြင့် ခြေဖျားထောက်ဆွဲယူလျက် ‘အရေးကြီးတာပြောဖို့ မေ့ကျန်ခဲ့လို့’ဟု အစချီကာ စကားတစ်ခွန်းကို ဆိုလေသည်။

“ရဲဘော်တို့ … စစ်သင်္ချိုင်းတွေကိုလည်း တိုးချဲ့ကြ”