၂၅ ၊ ဇူလိုင်လ ၊ ၂၀၂၀
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းစာရင်းကို ဒီချုပ်ပါတီက ၂၃ ရက်နေ့က ထုတ်ပြန်အပြီးမှာ ဒီစာရင်းထဲက ကိုယ်စားလှယ်လောင်းတွေကို ကျေနပ်မှုမရှိရင် သုံးရက်အတွင်း ကန့်ကွက်နိုင်တယ်ဆိုပြီး သတင်းအမှား ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ် ။
ဒီကိစ္စကို Delta News Agency က ဒီချုပ်ပါတီရဲ့ CEC တစ်ဦးလည်းဖြစ် ၊ ဧရာဝတီတိုင်းဥက္ကဌလည်း ဖြစ်တဲ့ ဒေါက်တာမျိုးညွန့်ကို ဆက်သွယ်မေးမြန်းရာမှာ သူတို့ အဲဒီသတင်းကို မထုတ်ပါဘူးလို့ ပြောပါတယ်။
“သိပ်အရေးကြီးတဲ့ ပြောင်းလဲပေးဖို့ တင်ပြချက်တွေကို အချိန်မှီတင်ပြနိုင်မယ်ဆိုရင်တော့ ပြောင်းလဲပေးဖို့ စီမံထားတာ ရှိပါတယ်လို့ပဲ ပြောတာပါ ။ အဲဒီသုံးရက်ဆိုတာကို ဘယ်သူပြောလိုက်လဲ ကျွန်တော်တို့ မသိပါဘူး ၊ ကျွန်တော်တို့တော့ မပြောပါဘူး။ တရားဝင်တောင် ဒါကို မထုတ်ဘူး ၊ ဘာလို့လဲဆိုတော့ အနည်းငယ်မကျေနပ်တာနဲ့ပဲ ကန့်ကွက်စာတွေတက်လာရင် ကျွန်တော်တို့မနိုင်မနင်း ဖြစ်သွားလိမ့်မယ်” လို့ ဒေါက်တာမျိုးညွန့်က ပြောခဲ့ပါတယ် ။
၂၃ ရက်နေ့က ဒီချုပ်ပါတီရဲ့ ကိုယ်စားလှယ်လောင်းထုတ်ပြန်တဲ့စာရင်းမှာ တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ လက်ရှိလွှတ်တော်တွေထဲက လူဟောင်း ၈၀ ရာနှှုန်းကျော်ပြန်လည်ပါဝင်လာခဲ့ပေမယ့် ဧရာဝတီတိုင်းမှာတော့ လူဟောင်းထက် လူသစ်ပါဝင်မှု များပြားခဲ့ပါတယ် ။