ရန်ကုန်က တပိုင်တနိုင်မွေးမြူရေးလုပ်ငန်းတချို့ အရှုံးပေါ်လို့ရပ်နားဖို့ပြင်နေ

ရန်ကုန်တိုင်းအတွင်းက တပိုင်တနိုင်မွေးမြူရေး လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းအရှုံးပေါ်တဲ့ အခြေအနေတွေ ကြောင့် ရပ်နားဖို့အထိပြင်ဆင်နေပြီလို့ တနိုင်တပိုင်မွေးမြူရေးလုပ်ငန်းရှင်တွေက DNAကို ပြောပါတယ်။

အခုလိုရပ်နားဖို့ဖြစ်လာတာဟာ စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်ကျော်ကာလအတွင်း အထွေထွေ အကျပ်အတည်းတွေကြောင့်ဖြစ်ပြီး မွေးမြူရေးသုံး သွင်းအားစုတွေဖြစ်တဲ့ အစာနဲ့ဆေးဈေးတွေ အဆမတန်မြင့်တက်လာတာ၊ ခြံ ဆောက်လုပ်ရေး စရိတ်ကြီးမြင့်နေတာ၊ အထွေထွေကုန်ကျစရိတ်နဲ့ လုပ်အားခတွေပါ မြင့်တက်နေတာကြောင့်ဖြစ်တယ်လို့ ပြောကြပါတယ်။

“ဘယ်လိုမှအဆင်မပြေတော့ဘူး၊ အရင်ကအစာအိတ်တအိတ်ကို နှစ်သောင်းကျော်ပဲရှိတယ်၊ အခုလေးသောင်း ကျော်လာပြီ၊ဒီကြားထဲ သယ်ယူစာရိတ်တွေ၊ အလုပ်သမားစာရိတ်တွေပေါင်းလိုက်ရင် တော်တော်လေးအရှုံးပေါ် ကြတယ်၊ ဒါတွေကြောင့် ကျွန်တော်သိရသလောက်တော့ တော်တော်များများနားကြတော့မယ်”လို့ တပိုင်တနိုင် ငါးမွေးမြူရေးလုပ်ကိုင်နေသူတဦးက ပြောပါတယ်။

ဒါ့အပြင်မွေးမြူရေးလုပ်ငန်းတွေက ထွက်ပေါ် လာတဲ့ ကြက်၊ဝက်၊ဘဲ၊နဲ့ငါးစျေးနှုန်းတွေဟာ ပြင်ပစျးကွက်ကို တင်ပို့ရောင်းချရာမှာ ကုမ္ပဏီကြီးတွေနဲ့ စျေးနှုန်းယှဥ်ပြိုင်လို့ မရတာတွေအပြင် ပြည်ပက အေးခဲအသားတွေ ဝင်ရောက်မှုတွေကြောင့်လည်း အခုလို အရှုံးပေါ်တာတွေနဲ့ ရင်ဆိုင်နေရတာဖြစ်တယ်လို့ ကြက်မွေးမြူရေးလုပ်ကိုင်သူတဦးက ​ပြောပါတယ်။

“ကျွန်တော်တို့က ဗမာကြက်မွေးတာ၊အခုလိုရာသီဆိုရင် ကြက်တွေက အသေအပျောက်များတယ်၊စျေးကွက်မှာ ကုမ္ပဏီတွေက ဖြန့်တဲ့စျေးနဲ့မယှဥ်နိုင်တာ၊သယ်ယူပို့ဆောင်ရေးစာရိတ်တွေ၊ဒီကြားထဲ အစာတို့ဆေးတို့ အစစအ ရာရာပေါ့၊စျေးနှုန်းတွေကတအားတက်နေတော့ ဆက်လုပ်လေ ရှုံးလေပဲ၊အရင်တုန်းကဆိုရင်တော့ တိမွေးကုတွေက နည်းလမ်းတွေပေးတယ်၊အခုကကိုယ်ဘာသာလုပ်ရတာ၊တစ်ချက်မှားတာနဲ့သွားတာပဲ”လို့ ကြက်မွေး မြူရေးလုပ်ကိုင်တဦးက ​ပြောပါတယ်။

ဒါ့အပြင် မွေးမြူရေးလုပ်ငန်းတွေဟာ အရင်ကကိုယ်ပိုက်စိုက်ငွေ၊အစိုးရချေးငွေတွေနဲ့ပေါင်းစပ်ပြီး လုပ်ငန်းလည်ပတ်နိုင်ခဲ့ပေမယ့် လက်ရှိမှာ ချေးငွေမရရှိတာ၊မြန်မာငွေကြေးတန်ဖိုးကျဆင်းတာတွေကြောင့်လည်း အခုလို လုပ်ငန်းရပ်နားဖို့ ပြင်ဆင်နေရတာဖြစ်တယ်လို့လည်း မွေးမြူရေးလုပ်ငန်းရှင်တွေက ဆိုကြပါတယ်။