၅ နှစ်ကျော်ကြာလာရောက်နေထိုင်သူ နိုင်ငံခြားသားချောင်းသာကမ်းခြေမှာရေနစ်သေဆုံး

၉ ၊ ဖေဖေါ်ဝါရီ ၊ ၂၀၁၉ ။
ဖေဖေါ်ဝါရီလ ၈ ရက်နေ့ကရေနစ်သေဆုံးနေတဲ့ နိုင်ငံခြားသားတစ်ဦးရဲ့ အလောင်းကိုချောင်းသာကမ်းခြေမှာတွေ့ခဲ့ကြရပါတယ် ။ ပျောက်ဆုံးနေတာ ၃ ရက်ကြာပြီဖြစ်တဲ့ ဆလိုဗေးနီးယားနိုင်ငံသားကိုအခုလိုရေနစ်သေဆုံးနေတဲ့ ပုံစံနဲ့ ပြန်လည် ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူကမစ္စတာဘီဂိုဗစ်ဒရာဂို ဖြစ်ပြီး သူဟာချောင်းသာကမ်းခြေမှာ ၅ နှစ်ကျော်ကြာ လာရောက်နေထိုင်နေသူတစ်ဦးလည်း ဖြစ်ပါတယ် ။ အသက် ၆၅ နှစ်ရှိပြီ ဖြစ်တဲ့ မစ္စတာဘီဂိုဗစ်ဒရာဂိုက အငြိမ်းစားတစ်ဦင်္းဖြစ်ကာ ချောင်းသာကမ်းခြေမှာစကားပြန်အဖြစ်လာရောက်လုပ်ကိုင် နေသူတစ်ဦးဖြစ်ပါတယ် ။

သူကအင်္ဂလိပ်စကားကျွမ်းကျင်ပြီး မြန်မာလိုလည်းအနည်းငယ် ပြောတတ်တယ်လို့ ဆိုပါတယ်။ သူကချောင်းသာမှာလုပ်ငန်းဗီဇာနဲ့ နှစ်ရှည်လာရောက်နေထိုင်ပြီး စကားပြန်အလုပ်လုပ်ကိုင်နေသူ ဖြစ်ကြောင်းချောင်းသာမြို့က လက်ထောက်လဝကမှူး ကျော်ဝင်းခိုင်က အတည်ပြုပေးခဲ့ပါတယ်။

သူကရွှေသောင်ယံကားလမ်းဘေးက Hill Garden Hotel မှာတည်းခိုနေတာ ဖြစ်ပြီး ဖေဖေါ်ဝါရီလ ၆ ရက်နေ့ ကတည်းက ဟိုတယ်ကနေထွက်သွားပြီးပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။ ပျောက်ဆုံးတဲ့နေ့မှာပဲသူစီးနေကျ ဆိုင်ကယ်ကိုလမ်းဘေးတစ်နေရာမှာထောင်လျှက်တွေ့ရှိခဲ့ရတယ်လို့ ချောင်းသာနယ်မြေရဲစခန်းက ရဲအရာရှိတစ်ဦးကပြောပါတယ် ။

ပျောက်ဆုံးပြီးသုံးရက်အကြာမှာတော့ သူ့ရဲ့ ရေနစ်သေဆုံးနေတဲ့ ရုပ်အလောင်းကိုကမ်းခြေမှာ ပြန်လည်တွေ့ရှိခဲ့ရတာပဲဖြစ်ပါတယ် ။
အခုလို နိုင်ငံခြားသားတစ်ဦးရေနစ်သေဆုံးမှုကိုချောင်းသာနယ်မြေရဲစခန်းကနေသေမှုသေခင်းအမှတ် ၃/၂၀၁၉ နဲ့ အမှု ဖွင့်ထားပြီးအမှန်တကယ် ရေနစ်သေဆုံးတာဟုတ်မဟုတ်ကိုပုသိမ်ဆေးရုံကိုပို့ဆောင် စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ် ။