လေထုညစ်ညမ်းမှုကြောင့် အိန္ဒိယနိုင်ငံမှာ နှစ်စဉ် ကလေးငယ် တစ်သိန်းကျော် သေဆုံးနေ

၉ ၊ ဇွန် ၊ ၂၀၁၉

အိန္ဒိယနိုင်ငံမှာ လေထု ညစ်ညမ်းမှုကြောင့် နှစ်စဉ် အသက် ၅နှစ်အောက် ကလေးငယ် တစ်သိန်းကျော် သေဆုံးနေရတယ်လို့ ကမ္ဘာ့သဘာဝ ပတ်ဝန်းကျင်နေ့ ဇွန်လ ၅ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်ခုက ပြောပါတယ်။

ကမ္ဘာကြီး ပူနွေးလာပြီး ရာသီဥတု ပြောင်းလဲလာတာနဲ့ အမျှ တစ်ကမ္ဘာလုံးမှာ လေထုညစ်ညမ်းမှု တိုက်ဖျက်ရေး လှုပ်ရှားမှုတွေ အရှိန်မြင့် လုပ်ဆောင်နေကြပေမယ့် ၂၀၁၈ ခုနှစ်က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အစီရင်ခံစာအရ ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ကြီး ၁၅ မြို့စာရင်းအနက် ၁၄မြို့ဟာ အိန္ဒိယနိုင်ငံက ဖြစ်ပါတယ်။

ဒါ့အပြင် တစ်နိုင်ငံလုံး စုစုပေါင်းသေဆုံးမှုနှုန်းရဲ့ ၁၂ ရာခိုင်နှုန်းကျော်ဟာ လေထုညစ်ညမ်းမှုကြောင့် ဖြစ်တယ်လို့ အိန္ဒိယ သဘာဝ ပတ်ဝန်းကျင် အစီရင်ခံစာက ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာသာမကပါဘူး ကမ္ဘာ့နိုင်ငံတော်တော်များများမှာလည်း လေထုညစ်ညမ်းမှု မြင့်တက်နေပြီး အဆိပ်ရှိတဲ့ လေတွေ ရှုမိတာကြောင့် တစ်ကမ္ဘာလုံးမှာ တစ်နှစ်လျင် လူဦးရေ ၇ သန်း သေဆုံးနေရတယ်လို့ ကုလသမဂ္ဂအဖွဲ့က ပြောပါတယ်။

စက်ရုံတွေ မော်တော်ကားတွေကနေ ထွက်တဲ့ ကာဗွန်ဓာတ်ငွေ့ကြောင့် လေထုညစ်ညမ်းတဲ့အပြင် နေအိမ်အတွင်း မီးသွေး၊ ထင်းတွေသုံးပြီး ချက်ပြုတ်ရာကနေ ထွက်တဲ့ အငွေ့တွေကြောင့်လည်း အိမ်တွင်းလေထုညစ်ညမ်းမှု ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် လယ်ယာတွေမှာ ကောက်ရိုးတွေ ၊ ရိုးပြတ်တွေ မီးရှို့တာကလည်း ပတ်ဝန်းကျင်လေထုကို ညစ်ညမ်းစေပါတယ်။

Ref : https://asiancorrespondent.com