မြေဧကတစ်သောင်းကျော်ကို မူလပိုင်ရှင်တွေဆီ ပြန်ပေးခဲ့ပေမယ့် တပ်သိမ်းမြေနဲ့ ဌာနဆိုင်ရာ သိမ်းမြေတွေ ကျန်ရှိနေသေး

၁ ၊ ဒီဇင်ဘာ ၁ ၊ ၂၀၂၀ ။

ဧရာဝတီတိုင်းအစိုးရအဖွဲ့ရဲ့ ၅နှစ်တာ ကာလအတွင်း စွန့်လွှတ်မြေ ဧက ၁သောင်း ၂ထောင်ကျော်ကို မူလပိုင်ရှင် တောင်သူ ၂ထောင်ကျော်ထံ ပြန်လည်ပေးအပ်ခဲ့​ပေမယ့် တပ်သိမ်းမြေနဲ့ ဌာနဆိုင်ရာ သိမ်းမြေအချို့ ကျန်ရှိနေသေးပါတယ်။

ပြန်လည်စွန့်လွှတ်တဲ့ သိမ်းဆည်းမြေတွေအနက် ပုသိမ် ရွှေသောင်ယံ ၊ မအူပင် ၊ ပန်းတနော် ၊မြောင်းမြ အပါအဝင် တိုင်းအတွင်း ဒေသအချို့က တပ်သိမ်း မြေတွေနဲ့ ဌာနဆိုင်ရာ သိမ်းမြေတွေဟာ ဒီကနေ့အထိ ပြန်မရသေးဘူးလို့ ဒေသခံတောင်သူတွေက ပြောကြပါတယ်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ သက်တမ်း ၅နှစ်အတွင်း ၅ နှစ်တာ မြို့နယ်ပေါင်း ၁၄ မြို့နယ်၊ ရပ်ကွက်ကျေးရွာအုပ်စု ၅၃ အုပ်စုက တောင်သူပေါင်း ၂၂၃၂ ဦးဆီကို လယ်ယာမြေဧက ၁၂၇၁၀ ကျော်ကို ယာယီလုပ်ပိုင်ခွင့်ပြု လက်မှတ်တွေ ပေးအပ်ခဲ့တယ်လို့ နိုဝင်ဘာလ ၂၇ရက်နေ့က လေးမျက်နှာမှာ ပြုလုပ်တဲ့ အခမ်းအနားမှာ ဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောပါတယ်။

“တိုင်းဒေသကြီးအတွင်းက သိမ်းဆည်းခံ လယ်ယာမြေ နဲ့ အခြားမြေတွေ မူလပိုင်ရှင်များလက်ဝယ်ကို ပြန်လည် ပေးအပ်နိုင်ရေးအတွက် လယ် ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ က ချမှတ်ပေးထားတဲ့ မူဝါဒ လုပ် ငန်းစဉ်များနဲ့ အညီစိစစ်ဆောင် ရွက် ပေးတာပါ”လို့ သူကဆက်ပြောပါတယ်။

ရွှေသောင်ယံကမ်းခြေဒေသမှာ တောင်သူ ၁၆ဦးရဲ့ တပ်သိမ်း မြေယာ အချို့ ၊ ဌာနဆိုင်ရာက သိမ်းထားတဲ့ တောင်သူ ၁၉ ဦးရဲ့ မြေယာတွေနဲ့ မြန်မာဒေရီ ပုဇွန်မွေးမြူရေးကုမ္ပဏီ သိမ်းမြေတွေဟာ ဒီကနေ့ထိ မူလပိုင်ရှင်တွေဆီ ပေးအပ်တာ မရှိသေးဘူးလို့ အုန်းခြံနဲ့ ဥယာဥ်မြေတွေသိမ်းခံရတဲ့ ဒေသခံတွေက ပြောပါတယ်။

“ဦးသိန်းမောင် အပါအဝင် ၁၆ဦးဆီကနေ တပ်က သိမ်းထားတာတင် ၃၇ ဒဿမ ၄၄ ဧက ရှိတယ်၊ ၂၀၁၃ ခုနှစ်ကတည်း ကပြန်လည်စွန့်လွှတ်တယ် ဆိုပေမယ့် အခုအထိ မရသေးပါဘူး” လို့ အုန်းခြံ မြေသိမ်းဆည်းခံ ထားရတဲ့ ဒေသခံ ဦးဇော်မျိုးဝင်း က ပြောပါတယ်။

ဧရာဝတီတိုင်းအတွင်းမှာ အကြောင်းအမျိုးမျိုးနဲ့ သိမ်းဆည်းခံရတဲ့ မြေယာတွေ အားလုံးကို သိမ်းဆည်းခံတောင်သူ အားလုံးဆီ ပြန်လည်ပေးအပ်နိုင်ရေးဟာ လက်ရှိအစိုးရသက်တမ်းမှ အပြီးအပြတ် ပေးအပ်နိုင်ဖို့ မမြင်ဘူးလို့ လယ်သမားအရေးနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဦးထွန်းထွန်းဦးက သုံးသပ်ပါတယ်။

လူဦးရေ ၆သန်းကျော်နေထိုင်တဲ့ ဧရာဝတီတိုင်းဟာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်နေကြတာ ဖြစ်ပြီး ဒီကနေ့အထိ မြေယာအငြင်းပွားမှု ပြဿနာတွေ အမြောက်အများ ရှိနေသေးတာ ဖြစ်ပါတယ်။