ဧရာဝတီတိုင်းပြည်သူ့ကာကွယ်ရေးတပ်နှင့် အင်တာဗျူး

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ မြို့နယ်အလိုက် ပျံ့ကျဲနေတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို စုစည်းနိုင်ဖို့ လွတ်မြောက်နယ်မြေမှာ စစ်သင်တန်းတက်ရောက်ပြီးသူတချို့ဦးဆောင်ကာ ဧရာဝတီတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဇွန်လ ၆ရက်နေ့မှာ စတင်ဖွဲ့စည်းလိုက်တယ်လို့ ကြေညာခဲ့ပါတယ်။

ဧရာဝတီPDFဟာ အကြမ်းဖက်စစ်အုပ်စုနဲ့ အပေါင်းအပါတွေရဲ့ ရက်စက်ယုတ်မာမှုအားလုံးကို ပြင်းထန်စွာ အရေးယူတုံ့ပြန်သွားမယ်လို့ ကြေညာထားပါတယ်။
ဧရာဝတီတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆိုတာဘာလဲ၊ ဘယ်လိုနိုင်ငံရေးရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းလုပ်ဆောင်ထားလဲဆိုတာကို ဧရာဝတီတိုင်းဒေသကြီးအတွင်းက ပြည်သူတွေရှင်းလင်းစွာ သိနိုင်ဖို့ Delta News Agency က ဧရာဝတီတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ Facebook Page မှာဖော်ပြထားတဲ့ Emailကိုပေးပို့ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

DNA ။ ။ ဧရာဝတီတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဧရာဝတီဖက်ဒရယ်တပ်မတော်ဟာ တူညီပါသလား?
PDF ။ ။ PDFနဲ့ AFA မတူညီပါဘူးခင်ဗျာ၊ PDF ဖွဲ့စည်းလိုက်တယ်ဆိုတာကို AFAကိုလဲ အကြောင်းကြားထားပါတယ်
DNA ။ ။ NUGရဲ့ တရားဝင်အသိအမှတ်ပြုမှုကိုရော ရရှိပြီးပြီလား?
PDF ။ ။ NUGရဲ့ အသိအမှတ်ပြုခွင့်ရရှိဖို့ တင်သွင်းထားဆဲဖြစ်ပါတယ်။
DNA ။ ။ မြို့နယ်အလိုက်ဖွဲ့ထားတဲ့ PDFတွေဟာ ဒေသတွင်းကတက်ကြွလူငယ်တွေများနဲ့ဖြစ်တယ်လို့ သိရပါတယ် အစ်ကိုတို့အဖွဲ့ကရော?
PDF ။ ။ ဧရာဝတီတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ လက်ရှိ ယာယီဥက္ကဌတာဝန်ယူထားတဲ့ ဥက္ကဌဟာ KNU တပ်မဟာ(၆) သင်တန်းဆင်းပါ။ လက်ရှိမှာအခြားမြို့နယ်တွေနဲ့ ချိတ်ဆက်ပြီး လှုပ်ရှားဆောင်ရွက်သွားမှာပါ။

DNA။ ။ ဘာ့ကြောင့်ဖွဲ့စည်းတာလဲ?

PDF ။ ။ ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ မြို့နယ်အလိုက် PDFတွေကို တစ်စုတစ်စည်းထဲဆွေးနွေးပြီး တစ်နေရာဖိရင် တခြားနေရာတွေမှာ ကြွလို့ရအောင် သို့တည်းမဟုတ် အချိတ်ဆက်မိမိလှုပ်ရှားလို့ရအောင် ဖွဲ့စည်းထားတာပါ။
DNA ။ ။ ဧရာဝတီတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ရည်ရွယ်ချက်ကဘာလဲ?
PDF ။ ။ နံပါတ်(၁)ကတော့ ဧရာဝတီတိုင်းရှိ ပြည်သူလူထုရဲ့ အသက်၊အိုးအိမ်၊စည်းစိမ်ကို ကာကွယ်ပေးဖို့၊ နံပါတ်(၂)က ဖက်ဆစ်အာဏာရှင်စနစ်ကျဆုံးဖို့၊ နံပါတ်(၃)ကတော့ ဖက်ဒရယ်ဒီမိုကရေစီရရှိဖို့ပါ။
DNA ။ ။ ဖြည့်စွက်ဖြေကြားလိုတာများ ဖြေကြားပေးပါဦး?
PDF ။ ။အဓိကရည်ရွယ်ချက်ကတော့ ဧရာဝတီတိုင်းအတွင်းမှာ ပြန့်ကြဲပြီး အချိတ်အဆက်မရှိဖြစ်နေတဲ့ PDFတွေကို စုစုစည်းစည်းတိုင်တိုင်ပင်ပင်နဲ့ ဆောင်ရွက်နိုင်အောင် ဖွဲ့စည်းရခြင်းဖြစ်ပါတယ်။
DNA ။ ။ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။